NP News

လက်ကျန်နည်းပါးမှုနှင့် မိုးကြက်သွန် အဝင်နှေးသဖြင့် ပြည်တွင်း ကြက်သွန်နီဈေး အမြင့်ပိုင်းသို့ရောက်ရှိ

ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၄

ယခင် ထွက်ရှိထားသည့် ကြက်သွန်နီအဟောင်းများမှာ ရာသီကုန်ခါနီးဖြစ်၍ ဂိုဒေါင်များနှင့် လှောင်လက်များတွင် လက်ကျန် အလွန်နည်းပါးနေပြီဖြစ်ပြီး မိုးကြက်သွန်အသစ်များ ယခု နိုဝင်ဘာလအတွင်း စတင် တူးဖော်နေပြီဖြစ်သော်လည်း မိုးအဆက်မပြတ် ရွာသွန်းနေခြင်းနှင့် အခြားအခက်အခဲများကြောင့် ဈေးကွက်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ အဝင်နည်းနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်လ နောက်ဆုံးပတ်က ဆိပ်ဖြူနှင့် တောင်သာကြက်သွန် တစ်ပိဿာလျှင် အရွယ်အစား၊ အရည်အသွေးပေါ်မူတည်ကာ ကျပ် (၈,၅၀၀) မှ (၁၀,၄၀၀) သာ ရှိခဲ့ပြီး နိုဝင်ဘာလ (၁၄) ရက်တွင် ဆိပ်ဖြူနှင့် တောင်သာ ကြက်သွန် တစ်ပိဿာလျှင် အရွယ်အစား၊ အရည်အသွေးပေါ် မူတည်ကာ ကျပ် (၁၄,၅၀၀) မှ (၂၀,၀၀၀) အထိ အမြင့်ဈေးတွင် ရှိနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

"တချို့ဒေသတွေမှာ မိုးတွေရွာပြီး အခင်းတွေ ပျက်တာတွေ ရှိတယ်။ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရှိပြီး ကုန်ကျစရိတ်တွေ များတယ်။ နောက်ပြီး မိုးကြက်သွန် ထွက်တယ်ဆိုပေမဲ့ လတ်တလောတွင် ဈေးကွက်အတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာတာ မရှိသေးတော့ ဈေးနှုန်းက ကျဆင်းခြင်း မရှိသေးဘဲ အမြင့်ပိုင်းမှာ ဆက်လက်ရှိနေတယ်။ အခု ဘုရင့်နောင်ကုန်စည်ဒိုင်မှာလည်း ဆိပ်ဖြူနဲ့ တောင်သာပဲ ဈေးကွက်ရှိတယ်" ဟု ကြက်သွန်နီကုန်သည်တစ်ဦးက ပြောသည်။
ထိုသို့ ဒိုင်လက်ကား ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ရန်ကုန်နှင့်အခြားမြို့ကြီးများရှိ လက်လီဈေးကွက်များတွင်လည်း ဈေးနှုန်းများ သိသိသာသာလိုက်ပါမြင့်တက်လာခြင်းများ တွေ့ရသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် ပခုက္ကူ၊ မုံရွာ စသည့် အဓိက စိုက်ပျိုးရာဒေသအချို့တွင် ကြက်သွန်စိုက်ခင်းများနှင့် ပျိုးခင်းများ ပျက်စီးဆုံးရှုံးခဲ့ခြင်းများလည်း ရှိကြောင်း သိရသည်။
ထို့ကြောင့် ယခုရာသီတွင် ကြက်သွန်နီ အထွက်နှုန်း သိသိသာသာ လျော့နည်းသွားမည်ဟူသော စိုးရိမ်စိတ်ဖြင့် ဈေးကွက်အတွင်း အဝယ်လိုက်လာကြောင်းလည်း သိရသည်။

လက်ကျန်နည်းပါးသည့် အခြေအနေကို အခွင့်ကောင်းယူ၍ ကုန်သည်တချို့အနေဖြင့် ဈေးကစားရန် သိုလှောင်ထားခြင်း၊ အရောင်းပိတ်ထားခြင်းများ ရှိခြင်းကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်ပြီး ဈေးနှုန်း ပိုမိုမြင့်တက်လာရခြင်း ဖြစ်ကြောင်းလည်း သုံးသပ်ထားကြသည်။
"တောင်သူလက်ထဲက လက်ကျန် မရှိတော့ပါဘူး၊ လှောင်သမားနဲ့ ကုန်သည်တွေဆီမှာပဲ ရှိပါတော့တယ်။ အသစ်ထွက်တဲ့ ကြက်သွန်ဈေး တက်ရင်တော့ တောင်သူက အကျိုးခံစားရမယ်" ဟု ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။
မိုးကြက်သွန်အသစ်များ ဈေးကွက်ထဲသို့ လှိုင်လှိုင်ဝင်ရောက်လာမည့် ဒီဇင်ဘာလဆန်းပိုင်း ရောက်မှသာ ကြက်သွန်နီ ဈေးနှုန်းများ ပြန်လည်တည်ငြိမ် ကျဆင်းသွားနိုင်ခြေ ရှိသည်ဟု ကုန်သည်များက သုံးသပ်ထားကြောင်းလည်း သိရသည်။

မူရင်းသတင်း — NP News