
■ ပြည်သူ့လွှတ်တော် ပထမနှင့် ဒုတိယပုံမှန်အစည်းအဝေးများတွင် အဆိုသုံးခုနှင့် မေးခွန်း ၅၀၅ ခုကို တင်သွင်းမေးမြန်းခဲ့
■ အဆိုတစ်ခုသာ အတည်ပြုခဲ့ပြီး မေးခွန်း ၃၂၉ ခု ကတိကဝတ် ရရှိခဲ့ကြောင်း သိရ
ပြည်သူ့လွှတ်တော် ပထမနှင့် ဒုတိယပုံမှန်အစည်းအဝေးများတွင် အဆိုသုံးခုနှင့် ကြယ်ပွင့်ပြ/ ကြယ်ပွင့်မပြမေးခွန်း ၅၀၅ ခုကို တင်သွင်းမေးမြန်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရွှေပြည်စိုးက "ပြည်သူ့လွှတ်တော်ရဲ့ ပထမ၊ ဒုတိယပုံမှန်အစည်းအဝေးများမှာ သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအလိုက် ကတိကဝတ်တည်ရှိခဲ့မှုတို့ကို ကြည့်လျှင် တတိယပုံမှန်အစည်းအဝေးသို့ ကော်မတီ၏ အစီရင်ခံစာအရ အဆို သုံးခု၊ ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၁၉ ခု၊ လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုတစ်ခု၊ ကြယ်ပွင့်ပြမေးခွန်း ၁၆၄ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၁၆၅ ခုမျှသာ ကတိကဝတ်ရရှိခဲ့ပြီးကြောင်း ဒေတာများအရ သိရှိရပါတယ်"ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက "ကတိကဝတ်ရရှိထားပြီး အရေအတွက်အရ အဆိုသုံးခုမျှသာ လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းဆွေးနွေးခဲ့သည့်သဘောကို တွေ့ရပါတယ်။ ယင်းအဆိုသုံးခုအနက်မှလည်း တစ်ခုတည်းသာလျှင် အတည်ပြုအဆိုအဖြစ် တွေ့ရှိရပါတယ်။ အစီရင်ခံစာအရ မေးခွန်းပေါင်း ၅၀၅ ခုကို တွေ့ရပါတယ်။ အဆိုပါ ၅၀၅ ခုအနက် မေးခွန်း ၃၂၉ ခုသာလျှင် ကတိကဝတ် ရရှိထားပါတယ်"ဟု ဆိုသည်။
ပြည်သူ့လွှတ်တော်တွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကိုးကားထောက်ဆ၍ အဆို၊ ကြယ်ပွင့်ပြ ကြယ်ပွင့်မပြ စုစုပေါင်း ၅၀၈ တွင် အတည်ပြု အဆိုနှင့် ကတိကဝတ် ရရှိထားမှု ၃၃၀ သာ ရှိကြောင်း၊ ထို့ကြောင့် အစိုးရထံမှ အာမခံချက်၊ ကတိကဝတ်၊ တာဝန်ခံချက်ရရှိမှု အရေအတွက် နည်းပါးသည်ကို ထင်သာမြင်သာတွေ့ရကြောင်း ၎င်းက ပြောကြားသည်။
"ပြန်လည်အနှစ်ချုပ် စဉ်းစားလိုက်လျှင် ပြည်သူ့လွှတ်တော်မှာ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကိုးကားထောက်ဆ၍ အဆို၊ ကြယ်ပွင့်ပြ ကြယ်ပွင့်မပြ စုစုပေါင်း ၅၀၈ မှာ အတည်ပြု အဆိုနှင့် ကတိကဝတ် ရရှိထားမှု ၃၃၀ သာ ရှိပါတယ်။ တစ်နည်း အစိုးရထံမှ အာမခံချက်၊ ကတိကဝတ်၊ တာဝန်ခံချက်ရရှိမှု အရေအတွက် နည်းပါးသည်ကို ထင်သာမြင်သာပါတယ်။ ထိုအခြေအနေတွင် ပထမပုံမှန်အစည်းအဝေး၊ ဒုတိယပုံမှန်အစည်းအဝေးများအတွင်း အဆိုသည် အရေအတွက်အားဖြင့် သုံးခုသာရှိသည့်အတွက် အလွန်နည်းသည်ဟု ယူဆ၍ ရပါသည်"ဟု ၎င်းက ဆိုသည်။
ထို့ပြင် တင်သွင်းခဲ့သည့် အဆိုသုံးခုအနက် နှစ်ခုမှာ မှတ်တမ်းတင်စောင့်ကြည့်အဆင့်မျှသာ ဖြစ်နေကြောင်း၊ အစီခံစာအရ အဆိုအောင်မြင်မှု၊ အဆိုအတည်ပြုမှု ရာနှုန်း နည်းနေသည်မှာ ထင်ရှားကြောင်း၊ တင်သွင်းခဲ့ပြီးသော ဒေတာများအရ အဆိုနှင့် မေးခွန်းတို့သည် အချိုးကိုက်ညီမှု မရှိကြောင်းနှင့် တိုင်းကျိုးပြည်ပြုအဆိုများ တိုးမြှင့်လက်ခံနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ အကြံပြုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
"နိဂုံးချုပ်အနေဖြင့် အဆိုသုံးခုမှာ အဆိုနှစ်ခုသည် မှတ်တမ်းတင်စောင့်ကြည့်အဆင့်မျှသာ ဖြစ်နေပါတယ်။ အစီရင်ခံစာဒေတာအရ အဆိုအောင်မြင်မှု၊ အဆိုအတည်ပြုမှု ရာနှုန်း နည်းနေသည်မှာ ထင်ရှားပါတယ်။ တင်သွင်းခဲ့ပြီးသော ဒေတာများအရ အဆိုနှင့် မေးခွန်းတို့သည် အချိုးမကိုက်ညီပါဘူး။ တိုင်းကျိုးပြည်ပြုအဆိုများ တိုးမြှင့်လက်ခံနိုင်ဖို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ အကြံပြုအပ်ပါကြောင်း တင်ပြရင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစီရင်ခံစာအပေါ် ဆွေးနွေးမှုကို နိဂုံးချုပ်ပါတယ်"ဟု ဒေါက်တာရွှေပြည်စိုးက ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကော်မတီ၏အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အစီရင်ခံစာကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။