
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၄
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အနုတင်သည် နိုဝင်ဘာ (၁၃) ရက်က ဘန်ကောက်မြို့တွင် ဆန္ဒပြသူများနှင့်တွေ့ဆုံခဲ့ပြီး ရေနံချက်စက်ရုံများမှ ကောက်ခံနေသော လောင်စာဆီဈေးနှုန်းကို တစ်လီတာလျှင် (၁၀) ဘတ်လျှော့ချပေးရန် တောင်းဆိုမှုများနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အရေးပေါ်အစီအမံများ လုပ်ဆောင်ပေးရန် တောင်းဆိုချက်များကို နားထောင်ခဲ့သည်။
ဝန်ကြီးချုပ် အနုတင်သည်ဆန္ဒပြသူများ၏ အရေးဆိုမှုများကို တိုက်ရိုက်နားထောင်ရန်အစိုးရအိမ်တော်အနီးရှိ ချာမိုင်း မာရုချတ်တံတားအနီးသို့ ည (၉:၁၄) နာရီတွင် ရောက်ရှိလာခဲ့သည်။
အနုတင်နှင့်အတူ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး အက်ခ်နီတီ နီတီသန်ပရာပက် ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး စူပါဂျီ ဆူသမ်ပန်နှင့် စက်မှုဝန်ကြီး ဗာရာဝု ဆิลပါ-အာချာတို့ လိုက်ပါလာခဲ့ကြသည်။
ကမ်နန် မာနိုဟု လူသိများသော ဆန္ဒပြခေါင်းဆောင် မာနို ခရူအာကာ က ရေနံချက်စက်ရုံထွက် လောင်စာဆီဈေးနှုန်းများကို တစ်လီတာလျှင် ၁၀ ဘတ် လျှော့ချပေးရန် အစိုးရအား တိုက်တွန်းခဲ့ကြောင်းသိရသည်။
မာနိုသည် မြေယာကာကွယ်ရေးပြည်သူ့တော်လှန်ရေးညွန့်ပေါင်းအဖွဲ့ (NPP) မှ ဆန္ဒပြသူများကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။စွမ်းအင်နှင့် လောင်စာဆီစရိတ်များမြင့်တက်လာခြင်းကြောင့် ပြည်သူများ၏ လူနေမှုစရိတ်များ ကြီးမြင့်လာပြီး ပြင်းထန်သော အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းကြောင့် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း မာနိုက ပြောကြားခဲ့သည်။
၎င်းက မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် ကြိုးပမ်းအားထုတ်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန်လည်း အစိုးရကို တိုက်တွန်းခဲ့သည်။ ဆန္ဒပြသူများ တောင်းဆိုထားသည့် တိကျသော လောင်စာဆီဈေးနှုန်း သတ်မှတ်လျှော့ချရေးကိစ္စကို ချက်ချင်းမလုပ်ဆောင်ပေးနိုင်သော်လည်း အစိုးရအနေဖြင့် ဖြေရှင်းနိုင်သည့် ပြဿနာများကို အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမည်ဟု ဝန်ကြီးချုပ်အနုတင်က ကတိပြုခဲ့သည်။ NPP အဖွဲ့၏ တောင်းဆိုချက်များကိုသိရှိထားပြီးဖြစ်ကြောင်းနှင့် တင်ပြလာသည့် ပြဿနာသမျှကို နားထောင်ရန် အသင့်ရှိနေကြောင်း ဆန္ဒပြသူများကို ဝန်ကြီးချုပ်အနုတင်က ပြောကြားခဲ့သည်။

