NP News

အစ္စရေးက ပြင်သစ်သမ္မတလောင်းကို ပြည်ဝင်ခွင့်ပေးရန် ပိတ်ပင်

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၄

အစ္စရေးနိုင်ငံသည် ပြင်သစ်လက်ဝဲယိမ်း သမ္မတလောင်း ယန်းလုခ်မီလန်ချွန်ကို နိုင်ငံအ တွင်းသို့ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနသည် မီလန်ချွန်၏ (LFI)ပါတီ လွှတ်တော်ခေါင်းဆောင် မာသီလ် ဒီပါနော့ကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အစ္စရေးအစိုးရက “နှစ်ဦးစလုံးဟာ အစ္စရေးနိုင်ငံအပေါ်သွေးစွန်းစေတဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကို ဖြန့်ဝေ ပြောဆိုခဲ့ကြသလို ယန်းလုခ်မီလန်ချွန်ကလည်း ဂါဇာကိုသွားမယ့် တရားမဝင်သင်္ဘောအုပ်စုတွေကို ပြင်သစ်ရေတပ် သင်္ဘောတွေနဲ့ လိုက်ပါစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ နိုင်ငံကို ထိခိုက်နစ်နာ အောင်ကြိုးပမ်းသူတွေကို ပြတ်ပြတ်သားသားတုံ့ ပြန်သွားမှာဖြစ်ပါတယ်” ဟုဆိုသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းနို အယ်ဘားရော့ကမူ အစ္စရေးအစိုးရ၏အဆိုပါ လုပ်ရပ်ကို နိုင်ငံတကာ ဥပဒေကို အကြိမ်ကြိမ်ချိုး ဖောက်နေခြင်းမျိုးဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားသည်။ အစ္စရေး၏ ယခုပိတ်ပင်လိုက်ခြင်း သည် LFI ပါတီကို အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို နိုင်ငံရေး အမြတ်ထုတ်အသုံးချပြီး ပိုမိုအားကောင်း လာစေရန် အထောက်အကူပြုလိမ့်မည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။ မကြာသေးမီကကောက်ယူခဲ့သော လူထု သဘောထားစစ်တမ်းများအရ သမ္မတ လောင်းမီလန်ချွန်သည် (၂၀၂၇)ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် မဲပေးလို သူစာရင်းတွင် လက်ယာယိမ်း National Rally (RN) ပါတီမှ မာရင်းလီပန် (Marine Le Pen) ၏ နောက် ဒုတိယ နေရာ၌ရပ်တည်နေပြီး LFI ပါတီသည် ပြင်သစ် လွှတ်တော်ရှိ အကြီးဆုံး အတိုက်အခံပါတီများထဲမှ တစ်ခုဖြစ်သည်။ မီလန်ချွန်က ၎င်းသာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါက ဂါဇာနှင့်အနောက် ဘက်ကမ်းဒေသရှိ ပါလက် စတိုင်းများကို ထောက်ခံ ကူညီရန် တိုက်ရိုက်အရေးယူဆောင်ရွက်မှုများပြု လုပ်သွားမည်ဟုကတိပြုထားသည်။

မီလန်ချွန်က “လိုအပ်လာရင် ပြင်သစ် ရေတပ်သင်္ဘောတွေဟာ မိမိတို့ရဲ့ အခွင့်အရေး တွေကိုအခိုင်အမာရယူဖို့ ပြည်သူတွေရဲ့သင်္ဘောအုပ်စုတွေကို လိုက်ပါစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အစ္စရေးသည် ပိတ်ဆို့ထားသည့်ဂါဇာဒေသကို ဝင်ရောက်ရန်ကြိုးပမ်းသည့် အဆိုပါအရပ်ဘက်သင်္ဘောအုပ်စုများကို ပင်လယ်ပြင်တွင် အကြိမ်ကြိမ် ကြားဖြတ်ဟန့်တားခဲ့ပြီး နိုင်ငံခြားသားတက်ကြွလှုပ်ရှားသူများကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News