NP News

မြန်မာအရေးအတွက် အဆိုပြုချက်နှစ်ခုကို အဓိကထားဆွေးနွေးနေဟု မလေးရှားအစိုးရပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၄

မြန်မာ့အရေးအကျပ်အတည်းအပေါ် အာဆီယံ၏ တုံ့ပြန်ဆောင်ရွက်မှုကို အားကောင်းစေရန် ရည်ရွယ်သည့် အဆိုပြုချက်နှစ်ခုကို အာဆီယံဖွဲ့အစည်း၏ အဆင့်မြင့်အရာရှိကြီးများက ဆက်လက်ဆွေးနွေးသုံးသပ်နေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ မိုဟာမက် ဟာဆန်က ပြောကြားသည်။

အဆိုပါ အဆိုပြုချက်များသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်မှုဆိုင်ရာလုပ်ငန်းတာဝန်သတ်မှတ်ချက်နှင့် မြန်မာနိုင်ငံအတွင်း တိုးတက်မှုများကို အကဲဖြတ်မည့်အစီအမံများနှင့် သက်ဆိုင်ပြီး၊ မေလအတွင်းက ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ ပေးအပ်ခဲ့သည့် လုပ်ပိုင်ခွင့်လမ်းညွှန်ချက်နှင့်အညီ ဆွေးနွေးနေခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံ၏ အဓိက ကိုးကားချက်အဖြစ် ဆက်လက်တည်ရှိနေသည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် (5PC) ကို အကောင်အထည်ဖော်ရာ၌ ရှင်းလင်းသော ရည်မှန်းချက်များနှင့်တိုင်းတာနိုင်သော တိုးတက်မှုများ ရှိရန် လိုအပ်ကြောင်း မလေးရှားနိုင်ငံက ဆက်လက်အလေးပေး ကြောင်း ဝန်ကြီး မိုဟာမက်က ဆိုသည်။
၄င်းက "မြန်မာနိုင်ငံက အကျပ်အတည်းဟာ အာဆီယံရဲ့စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်ကိုးစားရမှုအပေါ် အပြင်းထန်ဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ဘုံသဘောတူညီချက် ငါးရပ် (5PC) ဟာ မြန်မာ့အရေးနဲ့ပတ်သက်ရင် အာဆီယံရဲ့အဓိက ကိုးကားချက်အဖြစ် ဆက်လက်ရှိနေပါတယ်။ အထူးသဖြင့် 5PC ကို အကောင်အထည်ဖော်ရာမှာ ရှင်းလင်းတဲ့ ရည်မှန်းချက်တွေနဲ့ တိုင်းတာနိုင်တဲ့တိုးတက်မှုတွေ ရှိဖို့ လိုအပ်ကြောင်း ကျွန်တော်တို့ဆက်လက်အလေးပေး ပြောကြားလိုပါတယ်" ဟုပြောသည်။
နိုဝင်ဘာ(၁၄)ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) တွင် ပြောကြားသည့်မိန့်ခွန်း၌ မိုဟာမက်က ယခုကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

​လက်ရှိ ဆွေးနွေးသုံးသပ်နေသည့်စာတမ်းနှစ်စောင်မှာ 'မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်မှု လုပ်ငန်းတာဝန်သတ်မှတ်ချက်များဆိုင်ရာ အလွတ်သဘောစာတမ်း'နှင့် 'မြန်မာနိုင်ငံ၏ တိုးတက်မှုကို အကဲဖြတ်မည့် အာဆီယံအချက်အလက်များဆိုင်ရာအလွတ်သဘောစာတမ်းတို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆိုပြုချက်များသည် ၂၀၂၁ ခုနှစ် ဧပြီလနောက်ပိုင်း ဖြစ်ပေါ်လာသည့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် ချမှတ်ခဲ့သော 5PC အား အကောင်အထည်ဖော်မှု ပိုမိုအားကောင်းစေရေး အာဆီယံ၏ ဆက်လက်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။
အဆိုပါဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်ရန်၊ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်ရန်နှင့် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့သွားရောက်ပြီး သက်ဆိုင်သူများနှင့် တွေ့ဆုံရန်တို့ ပါဝင်သည်။

ထိုအပြင် အာဆီယံ-တူရကီ ဆက်ဆံရေးနှင့် ပတ်သက်၍ ဒေသတွင်းအဖွဲ့အစည်း၏ လတ်တလော ဦးစားပေးလုပ်ငန်းမှာ ဘက်စုံလွှမ်းခြုံပြီး အနာဂတ်ကို မျှော်မှန်းသည့် လုပ်ငန်းစီမံချက် (POA) တစ်ရပ်ကို အချိန်မီ အပြီးသတ်ရေးဆွဲနိုင်ရေး ဖြစ်ကြောင်း ဝန်ကြီးမိုဟာမက်က ပြောကြားသည်။ အဆိုပါစီမံချက်သည် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ကြံ့ကြံ့ခံနိုင်ရေးနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားတူညီသည့် ကဏ္ဍများတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော ရလဒ်များ ထွက်ပေါ်လာစေသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News