Myanmar Transparency News

ခေတ်မီ၍ ဘက်စုံလွှမ်းခြုံနိုင်သော တစ်စုတစ်စည်းတည်းသော ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေတစ်ရပ် လျင်မြန်စွာပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေပြီး အခန်း (၉)ခန်းဖြင့် ပြုစုရေးဆွဲနေ

၁၄.၁၁.၂၀၂၆
Written by NYL

ခေတ်မီ၍ ဘက်စုံလွှမ်းခြုံနိုင်သော တစ်စုတစ်စည်းတည်း (တစုတစည်းတည်း) သော ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေတစ်ရပ် လျင်မြန်စွာပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေပြီး အခန်း (၉)ခန်းဖြင့် ပြုစုရေးဆွဲနေကြောင်း ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော်‌ တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးကျော်ကျော်လတ်၏ ” မြန်မာနိုင်ငံတွင် ခေတ်မီပြီး ဘက်စုံလွှမ်းခြုံနိုင်သော တစ်စုတစ်စည်းတည်းသော ကိုယ်ရေး အချက်အလက်ကာကွယ်ရေးဥပဒေ (Personal Data Protection Law) တစ်ရပ်အား အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ” နှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ” မြန်မာနိုင်ငံတွင် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်ကို ထိထိရောက်ရောက်နှင့် လျင်လျင်မြန်မြန်ကာကွယ်နိုင်ရန်အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးနည်းဥပဒေ (Personal Data Protection Regulation)တစ်ရပ်ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို ထိရောက်စွာကာကွယ်နိုင်ရန်အတွက် ကိုယ်ရေးဆိုင်ရာအချက်အလက်ကာကွယ်ခြင်း နည်းဥပဒေကို အခန်း(၉)ခန်းဖြင့် ပြုစုရေးဆွဲလျက်ရှိကြောင်း ” အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးက အများပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်မည်ဆိုပါက အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများအကြား အပြန်အလှန်ယုံကြည်မှုရှိသော ဒီဂျစ်တယ်ဂေဟစနစ် တည်ဆောက်နိုင်ရေးကို အထောက်အကူပြုပြီး ဒီဂျစ်တယ်စီးပွားရေး၏ အကျိုးကျေးဇူးများကို ဘေးကင်းလုံခြုံစွာ အပြည့်အဝခံစားနိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေပြဋ္ဌာန်းမည်ဆိုပါက မြန်မာနိုင်ငံ၏ လက်ရှိ တည်ဆဲဥပဒေများဖြစ်သော အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေများကဲ့သို့ ဆက်စပ်ဥပဒေများနှင့်မဆန့်ကျင်ဘဲ ဟန်ချက်ညီ ပေါင်းစပ်ရေးဆွဲရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နည်းဥပဒေမူကြမ်းတွင် ကိုယ်ရေးဆိုင်ရာအချက်အလက်ပိုင်ရှင်၏ သဘောတူညီချက်နှင့် အခွင့်အရေးများကို သီးခြားအခန်းတစ်ခုအနေဖြင့် ထည့်သွင်းရေးဆွဲထားပြီး ကိုယ်ရေးဆိုင်ရာ အချက် အလက်ပိုင်ရှင်၏ အချက်အလက်များကို ကောက်ခံသည့်အခါ အတင်းအကျပ်ပြုမှု၊ မသင့်လျော်သော လွှမ်းမိုးမှုမျှမပြုဘဲ လွတ်လပ်သောဆန္ဒဖြင့် ပေးအပ်ခြင်းဖြစ်ရန်နှင့် အချက်အလက်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ နည်းလမ်း၊ အသုံးပြုရမည့် အခြေအနေ၊ သက်ဆိုင်ရာအခွင့်အလမ်းများကို ကြိုတင်အသိပေးပြီးမှ တောင်းခံရန်စသည့်အချက်များ ပါဝင်ကြောင်း ဒုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် အချက်အလက်များ စီမံထိန်းသိမ်းထားမှု နှင့်စပ်လျဉ်း၍ စိစစ်သိရှိခွင့်၊ ကြည့်ရှုခွင့်နှင့် မိတ္တူတောင်းခံရယူခွင့် စသည့်အချက်များကို ထည့်သွင်းထားပြီး မလိုအပ်ဘဲ သို့မဟုတ် မလျော်ကန်စွာ ထိန်းသိမ်းထားသည့် အချက်အလက်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခြင်း၊ အခြားဝန်ဆောင်မှု ပေးသူထံသို့လွှဲပြောင်းရန် တောင်းဆိုခြင်းအပြင် အချက်အလက်စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းတို့ကိုပါ ကန့်ကွက်ငြင်းပယ်ခွင့် စသည့် အချက်အလက်များကို ထည့်သွင်းရေးဆွဲထားကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် အပြီးသတ်ညှိနှိုင်းဆောင်ရွက်မှုများ ပြီးစီးပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခေတ်မီ၍ ဘက်စုံလွှမ်းခြုံနိုင်သော တစ်စုတစ်စည်းတည်း ကိုယ်ရေးအချက်အလက်ကာကွယ်ရေးနည်းဥပဒေတစ်ရပ် အနေဖြင့် လျင်မြန်စွာပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ဥပဒေတစ်ရပ်အနေဖြင့် သီးခြားပြဋ္ဌာန်းမည်ဆိုပါက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြန်လည်ညှိနှိုင်းခြင်း၊ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာတို့၏ သဘောထားမှတ်ချက်များရယူခြင်းစသည့် လုပ်ငန်းစဉ်များအပြင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ အခန်း(၁၀)ပါ ပြဋ္ဌာန်းချက်များနှင့် ဆက်စပ်ပုဒ်မများကို ရုပ်သိမ်း၍ ပြင်ဆင်ခြင်းလုပ်ငန်းစဉ်များကို ပြန်လည်လုပ်ဆောင်ရမည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းနိုင်မည့် အချိန်ကာလသည် နည်းဥပဒေပြဋ္ဌာန်းနိုင်မည့် အချိန်ကာလထက် ပိုမို အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားအား မေးမြန်းရာ အဆိုရှင်က အဆိုအား အတည်ပြုပေးပါရန် ပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုအားအတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် အဆိုအား အတည်ပြုကြောင်း ကြေညာခဲ့ကြောင်း သိသည်။

မူရင်းသတင်း — Myanmar Transparency News