
တန်ဆောင်တိုင်ရုံးပိတ်ရက်အတွင်း ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များ၌ အထူးရထားများ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့ စွာသွားလာနိုင်ရန်အတွက် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတို့တွင် ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ လေအိတ်ရထားတွဲဆိုင်း များဖြင့်လည်းကောင်း၊ ရိုးရိုး(AAR)တွဲဆိုင်းများဖြင့်လည်းကောင်း၊ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ စီးနင်းမှုများပြားသဖြင့် တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများအား တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ကြောင်းနှင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၁၁)အဆန်/(၁၂)အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမှတ်(၈၁)အဆန်/(၈၂)အစုန်လူစီးအမြန်ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ်(၇၁)အဆန်/(၇၂)အစုန်လူစီးအမြန်ရထားနှင့် ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်းအတွင်း ပြေးဆွဲနေသော အမှတ်(၆၁)အဆန်/(၆၂)အစုန် လူစီးအမြန်ရထားတို့တွင် လူစီးတွဲများထပ်တိုး၍ ဝန်ချိန်ပြည့်ချိတ်ဆက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း၊ ရထားလက်မှတ်များကို Online မှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System - ORTP) စနစ်ဖြင့် ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံးဘူတာများအတွက် ခုနစ်ရက်နှင့် ကြားဘူတာများအတွက် ငါးရက် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။