Kanbawza Tai News

တန်ဆောင်တိုင်ကာလအတွင်း တောင်ကြီး-ပေါမူ အပျော်စီးရထား ပြေးဆွဲမည်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်

တောင်ကြီးမြို့၏ အထင်ကရပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ခရီးသွားပြည်သူများ အပန်းဖြေ ခရီးသွားလာနိုင်ရန်အတွက် တောင်ကြီး-ပေါမူ အပျော်စီး ရှုခင်းကြည့်ရထားကို နိုဝင်ဘာလ ၁၆ ရက်မှ စတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီးရထားသည် ပွဲတော်ကာလအတွင်း နေ့စဉ် တောင်ကြီးဘူတာမှ နံနက် ၉ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး နေ့လယ် ၁၂ နာရီခွဲ တွင် တောင်ကြီးဘူတာသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရထားလက်မှတ်ခများမှာ ရိုးရိုးတန်းတစ်ဦးလျှင် ၅ , ၀၀၀ ကျပ်နှင့် အထက်တန်းတစ်ဦးလျှင် ၁၀ , ၀၀၀ ကျပ် သတ်မှတ်ထားပြီး ရထားလက်မှတ်နှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက တောင်ကြီးဘူတာရုံသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

ပုံမှန်ရက်များတွင် တောင်ကြီး – ပေါမူ အပျော်စီးရထားကို တစ်ပတ်လျှင် တနင်္ဂနွေနေ့တစ်ရက်သာ ပြေးဆွဲပေးနေခြင်း ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ခရီးသည်ရရှိမှုအပေါ်မူတည်၍ နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောင်ကြီးဘူတာမှ အခြားခရီးစဉ်များအဖြစ် တောင်ကြီး–သာစည် ခရီးစဉ်၊ တောင်ကြီး-ကလော ခရီးစဉ် များလည်း ပြေးဆွဲပေးနေပြီး တောင်ကြီး-သာစည် ခရီးစဉ်တွင် အထူးတန်းလက်မှတ်ခ ၁၄၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ်ခ ၁၂၀၀၀ ကျပ်နှင့် တောင်ကြီး-ကလောခရီးစဉ်တွင် အထူးတန်းလက်မှတ်ခ ၇၀၀၀ ကျပ်၊ ရိုးရိုးတန်းလက်မှတ်ခ ၆၀၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News