Yangon Media Group

သွေးပေါင်ချိန် ၁၅၃/၁၀၅ ဖြစ်နေပြီဆိုရင် စိုးရိမ်သင့်လား

#World_Health
Published 15 November 2026

■ သွေးပေါင်ချိန် ၁၅၃/၁၀၅ mmHg ဆိုတာ ပုံမှန်ထက် မြင့်နေတဲ့အခြေအနေဖြစ်ပါတယ်။ ဘာလက္ခဏာမှ မခံစားရဘူးဆိုရင်တောင် လျစ်လျူမရှုသင့်ပါဘူး။ ဘယ်အချိန်မှာ အရေးပေါ်ဆေးကုသမှုခံယူဖို့ လိုအပ်သလဲ၊ သွေးပေါင်ချိန်ကို ဘယ်လိုပြန်တိုင်းသင့်သလဲဆိုတာကို နှလုံးအထူးကုဆရာဝန်တစ်ဦးက ရှင်းပြထားပါတယ်။

■ သွေးပေါင်ချိန်တိုင်းကြည့်လိုက်တဲ့အခါ ၁၅၃/၁၀၅ mmHg ဆိုတဲ့ အဖြေထွက်လာရင် စိုးရိမ်သင့်ပါသလား။

■ တချို့လူတွေက ဒီလိုသွေးပေါင်ချိန်မြင့်နေပေမဲ့ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ၊ ရင်တုန်တာ စတဲ့ လက္ခဏာတွေ မခံစားရတာလည်းရှိပါတယ်။

■ ဒါဆိုရင် ခဏနားပြီး ပြန်တိုင်းရုံနဲ့ လုံလောက်ပြီလား၊ ဆရာဝန်ဆီ ချက်ချင်းသွားပြဖို့ လိုသလားဆိုတာကို သိထားဖို့အရေးကြီးပါတယ်။

■ မကြာသေးခင်က Quora မှာလည်း လူတစ်ဦးက သွေးပေါင်ချိန် ၁၅၃/၁၀၅ ဖြစ်နေတဲ့အခါ ဘာလုပ်သင့်သလဲဆိုပြီး မေးမြန်းခဲ့ပါတယ်။

■ အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ISIC Multispeciality Hospital ရဲ့ Cardiac Sciences ဌာန၊ CTVS ဌာနမှူးနဲ့ ဒါရိုက်တာ ဒေါက်တာ Saurabh Juneja က သွေးပေါင်ချိန်ဒီလောက်မြင့်နေတဲ့အခါ ဘာကြောင့် သတိထားသင့်သလဲ၊ ဘယ်လိုပြန်တိုင်းသင့်သလဲ၊ ဘယ်အချိန်မှာ ဆေးကုသမှုခံယူသင့်သလဲဆိုတာကို ရှင်းပြထားပါတယ်။

■ ၁။ သွေးပေါင်ချိန် ၁၅၃/၁၀၅ ဆိုတာ အန္တရာယ်ရှိလား။

■ ၁၅၃/၁၀၅ mmHg ဆိုတာ သွေးပေါင်ချိန်မြင့်နေတဲ့ အခြေအနေဖြစ်ပါတယ်။

■ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ နာကျင်မှု၊ ကော်ဖီသောက်ထားတာနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ထားတာတွေကြောင့် သွေးပေါင်ချိန်ဟာ ခဏတာမြင့်တက်နိုင်ပါတယ်။

■ ဒါပေမဲ့ သွေးပေါင်ချိန် အမြဲတမ်းမြင့်နေမယ်ဆိုရင်တော့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

■ ဒေါက်တာ Juneja က “တစ်ကြိမ်တည်း တိုင်းတာလို့ရတဲ့ သွေးပေါင်ချိန်အဖြေတစ်ခုတည်းနဲ့ သွေးတိုးရောဂါလို့ အတည်ပြုလို့မရပေမဲ့ ထပ်ခါထပ်ခါ သွေးပေါင်ချိန်မြင့်နေတာကိုတော့ လုံးဝလျစ်လျူမရှုသင့်ပါဘူး” လို့ ပြောပါတယ်။

■ ဘာလက္ခဏာမှ မခံစားရဘူးဆိုရင်တောင် ဒီလောက်သွေးပေါင်ချိန်မြင့်နေပါက ဆရာဝန်နဲ့ အချိန်မီပြသစစ်ဆေးသင့်ပါတယ်။

■ ၂။ သွေးပေါင်ချိန် ၁၅၃/၁၀၅ ဖြစ်နေပြီဆိုရင် ချက်ချင်းဘာလုပ်သင့်လဲ။

■ ပထမဆုံးလုပ်ရမှာက စိတ်အေးအေးထားဖို့ပါပဲ။

■ စိုးရိမ်ပူပန်ပြီး ထိတ်လန့်နေခြင်းကလည်း သွေးပေါင်ချိန်ကို ခဏတာ ပိုမြင့်တက်စေနိုင်ပါတယ်။
ဒါကြောင့် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

■ ဆိတ်ငြိမ်တဲ့နေရာမှာ သက်သောင့်သက်သာ ထိုင်ပါ။

■ ခြေထောက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ပြားပြားချထားပါ။

■ ငါးမိနစ်ကနေ ၁၀ မိနစ်အထိ အေးအေးဆေးဆေး နားပါ။

■ ပြီးရင် သွေးပေါင်ချိန်ကို ပြန်တိုင်းပါ။

■ တစ်မိနစ်ခန့်ခြားပြီး နှစ်ကြိမ်တိုင်းကာ ရလဒ်နှစ်ခုစလုံးကိုမှတ်ထားပါ။

■ သွေးပေါင်ချိန်တိုင်းတဲ့အခါ လက်ပတ် (Cuff) အရွယ်အစား မှန်ကန်ဖို့၊ တိုင်းနေချိန် စကားမပြောဖို့လည်း အရေးကြီးပါတယ်။

■ ဒါ့အပြင် သွေးပေါင်ချိန်မတိုင်းခင်နဲ့ တိုင်းနေတဲ့အချိန်အနီးမှာ ဆေးလိပ်သောက်တာ၊ ကဖိန်းဓာတ်ပါတဲ့ ကော်ဖီသောက်တာနဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ရှောင်သင့်ပါတယ်။

■ သွေးတိုးကျဆေး သောက်ဖို့ ဆရာဝန်က ညွှန်ကြားထားပြီးသားဆိုရင်လည်း ညွှန်ကြားထားတဲ့အတိုင်း ပုံမှန်ဆက်သောက်ပါ။ သွေးပေါင်ချိန်မြန်မြန်ကျစေဖို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးပိုသောက်တာ၊ ဆေးပမာဏပြောင်းတာမျိုး မလုပ်သင့်ပါဘူး။

■ ၃။ ဘယ်လိုလက္ခဏာတွေရှိရင် အရေးပေါ်ဆေးရုံသွားသင့်လဲ။

■ သွေးပေါင်ချိန် ၁၅၃/၁၀၅ ဖြစ်နေတိုင်း အရေးပေါ်ဆေးရုံတက်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဘယ်လိုလက္ခဏာတွေ ခံစားနေရသလဲဆိုတာ အရေးကြီးပါတယ်။

■ အောက်ပါလက္ခဏာတွေရှိလာရင်တော့ အရေးပေါ်အခြေအနေဖြစ်နိုင်တာကြောင့် ချက်ချင်း ဆေးကုသမှုခံယူသင့်ပါတယ်။

■ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်နာခြင်း။

■ အသက်ရှူမဝခြင်း၊ အသက်ရှူရခက်ခြင်း။

■ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။

■ အမြင်အာရုံ ဝေဝါးခြင်း သို့မဟုတ် အမြင်အာရုံပြောင်းလဲခြင်း။

■ စိတ်ရှုပ်ထွေးခြင်း၊ သတိအခြေအနေ ပြောင်းလဲခြင်း။

■ ကိုယ်ခန္ဓာတစ်ခြမ်း အားနည်းခြင်း။

■ စကားပြောရခက်ခြင်း။

■ ဒီလက္ခဏာတွေဟာ လေဖြတ်ခြင်းနဲ့ နှလုံးဆိုင်ရာ ပြင်းထန်တဲ့ပြဿနာတွေ ဖြစ်နေတဲ့ သတိပေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

■ ဒီလိုလက္ခဏာတစ်ခုခု ခံစားရရင် သွေးပေါင်ချိန်ဘယ်လောက်ပဲရှိရှိ ချက်ချင်း အရေးပေါ်ဆေးကုသမှုခံယူပါ။ သွေးပေါင်ချိန်ကို ထပ်တိုင်းဖို့ဆိုပြီး အချိန်မဆွဲသင့်ပါဘူး။

■ သွေးပေါင်ချိန် ၁၈၀/၁၂၀ mmHg သို့မဟုတ် အဲဒီထက်ပိုမြင့်လာရင်လည်း အနည်းဆုံး တစ်မိနစ်စောင့်ပြီး ပြန်တိုင်းသင့်ပါတယ်။

■ ပြန်တိုင်းတဲ့အခါလည်း ဒီအတိုင်း မြင့်နေသေးတယ်ဆိုရင် ဘာလက္ခဏာမှ မရှိရင်တောင် ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းကို ချက်ချင်းဆက်သွယ်ပြီး အကြံဉာဏ်ရယူသင့်ပါတယ်။

■ ရင်ဘတ်အောင့်တာ၊ အသက်ရှူမဝတာ၊ အမြင်အာရုံပြောင်းလဲတာ၊ စိတ်ရှုပ်ထွေးတာ စတဲ့ လက္ခဏာတွေပါရှိရင်တော့ အရေးပေါ်ဆေးရုံကို ချက်ချင်းသွားရပါမယ်။

■ သွေးပေါင်ချိန် ၁၅၃/၁၀၅ ဝန်းကျင်မှာပဲ ဆက်တိုက်ရှိနေပြီး အရေးပေါ်လက္ခဏာမရှိဘူးဆိုရင်လည်း ပုံမှန်ဆေးစစ်ချိန်အထိ မစောင့်ဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ရက်ချိန်းယူပြသသင့်ပါတယ်။

■ ၄။ သွေးပေါင်ချိန် ၁၅၃/၁၀၅ ဝန်းကျင်မှာပဲ ဆက်ရှိနေရင် ဘာလုပ်သင့်လဲ။

■ ဆရာဝန်အနေနဲ့ လူနာရဲ့ ကျန်းမာရေးရာဇဝင်နဲ့ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်အခြေအနေတွေကို ကြည့်ပြီး အောက်ပါစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားနိုင်ပါတယ်။

■ သွေးပေါင်ချိန် ထပ်မံတိုင်းတာခြင်း။

■ အိမ်မှာ ပုံမှန်သွေးပေါင်ချိန်တိုင်းပြီး မှတ်တမ်းတင်ခြင်း။

■ သွေးစစ်ဆေးခြင်း။

■ ECG ဖြင့် နှလုံးစစ်ဆေးခြင်း။

■ ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း။

■ ကုသမှုအနေနဲ့ သွေးတိုးကျဆေး စတင်သောက်သုံးစေတာ ဒါမှမဟုတ် လက်ရှိသောက်နေတဲ့ ဆေးပမာဏနဲ့ ဆေးအမျိုးအစားကို ပြန်လည်ပြင်ဆင်ပေးတာတွေ လုပ်ဆောင်နိုင်ပါတယ်။

■ ဆေးဝါးကုသမှုအပြင် နေထိုင်စားသောက်မှုပုံစံကိုလည်း ပြောင်းလဲဖို့လိုအပ်ပါတယ်။

■ ဆားစားသုံးမှု လျှော့ချပါ။

■ ကိုယ်အလေးချိန်ကို သင့်တင့်မျှတအောင် ထိန်းသိမ်းပါ။

■ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

■ အိပ်ရေးဝဝ အိပ်ပါ။

■ အရက်သောက်သုံးမှုကို ကန့်သတ်ပါ။

■ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။

■ ဒေါက်တာ Juneja က “သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့ ခေါ်ကြတာဟာ လူအများစုက သွေးပေါင်ချိန် သိသိသာသာ မြင့်နေတဲတိုင် ဘာလက္ခဏာမှ မခံစားရဘဲ ပုံမှန်အတိုင်း နေနိုင်ကြလို့ပါ” လို့ ရှင်းပြပါတယ်။

■ ဒါကြောင့် ကိုယ်က နေကောင်းနေတယ်၊ ဘာလက္ခဏာမှ မရှိဘူးဆိုပြီး သွေးပေါင်ချိန်ကို လျစ်လျူမရှုသင့်ပါဘူး။ ပုံမှန်စစ်ဆေးတိုင်းတာနေဖို့ အရေးကြီးပါတယ်။

■ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ကိုယ်တစ်ခြမ်းအားနည်းခြင်းနဲ့ စကားပြောရခက်ခြင်းတို့ ဖြစ်လာပါက သွေးပေါင်ချိန်ကို ထပ်တိုင်းဖို့ မစောင့်ဘဲ အရေးပေါ်ဆေးကုသမှု ခံယူပါ။

■ သွေးတိုးရောဂါဟာ လက္ခဏာမပြဘဲ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် နေကောင်းနေချိန်မှာတောင် ပုံမှန်သွေးပေါင်ချိန်တိုင်းတာစစ်ဆေးဖို့ လိုအပ်ပါတယ်။

Source-The Indian Express

မူရင်းသတင်း — Yangon Media Group