
#World_Health
Published 14 November 2026
■ ပြင်သစ်နိုင်ငံမှာ အရင်က တိရစ္ဆာန်တွေမှာသာ တွေ့ရှိခဲ့ဖူးတဲ့ Shamonda ဗိုင်းရပ်စ်ဟာ လူကို ပထမဆုံးအကြိမ် ကူးစက်ခဲ့ကြောင်းအတည်ပြုတွေ့ရှိခဲ့ပြီး လူနာဟာ အောက်တိုဘာလအစောပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
■ ဒါပေမဲ့ လူနာသေဆုံးမှုဟာ ဗိုင်းရပ်စ်ကြောင့် တိုက်ရိုက်ဖြစ်တာလား၊ ဗိုင်းရပ်စ်က သေဆုံးမှုမှာ ပါဝင်သက်ရောက်ခဲ့တာလားဆိုတာကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
■ ပြင်သစ်အာဏာပိုင်တွေရဲ့ ကနဦးယူဆချက်အရ လူနာဟာ နွေဦးနဲ့ နွေရာသီကာလအတွင်း တိရစ္ဆာန်တွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့ခဲ့တဲ့ ပြင်သစ်အရှေ့ပိုင်းဒေသမှာ ကူးစက်ခံခဲ့ရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
■ လက်ရှိအချိန်အထိတော့ သာမန်ပြည်သူတွေအတွက် ကျန်းမာရေးအန္တရာယ်ရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးဘူးလို့လည်း အာဏာပိုင်တွေက ပြောထားပါတယ်။
■ ဥရောပရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (ECDC) ကလည်း ဒီဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်နေပြီး ပြင်သစ်အာဏာပိုင်တွေနဲ့ ဥရောပနိုင်ငံတွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
■ သေဆုံးသွားတဲ့ လူနာဟာ အရင်ကတည်းက ပြင်းထန်တဲ့ရောဂါတစ်မျိုး ခံစားနေရသူဖြစ်ပြီး ကိုယ်ခံအားနဲ့ ကျန်းမာရေးအခြေအနေကြောင့် အခြားကူးစက်ရောဂါတွေကို ပိုမိုခံနိုင်ရည်နည်းတဲ့ အခြေအနေရှိခဲ့တယ်လို့ ECDC က ဆိုပါတယ်။
■ Shamonda ဗိုင်းရပ်စ်ဆိုတာ ဘာလဲ။
■ Shamonda ဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် သွေးစုပ်ပိုးငယ်တွေကတစ်ဆင့် ကူးစက်ပျံ့နှံ့တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပါတယ်။
■ ဒီဗိုင်းရပ်စ်ကို နွားတွေမှာ အများဆုံးတွေ့ရပြီး မြင်း၊ အယ်လ်ပါကာ၊ သိုးနဲ့ ဆိတ်တွေမှာလည်း တွေ့ရှိထားပါတယ်။
■ ၁၉၆၀ ပြည့်နှစ်များအလယ်ပိုင်းက နိုင်ဂျီးရီးယားနိုင်ငံမှာ ပထမဆုံးစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
■ ဥရောပမှာတော့ ၂၀၂၆ ခုနှစ် ဇူလိုင်လနှောင်းပိုင်းက ဂျာမနီတောင်ပိုင်း၊ ဆွစ်ဇာလန်နဲ့ ပြင်သစ်အရှေ့ပိုင်းဒေသတွေက နွားနာတွေမှာ မျိုးရိုးဗီဇစစ်ဆေးမှုတွေအရ ဗိုင်းရပ်စ်ကို ပထမဆုံး အတည်ပြုတွေ့ရှိခဲ့တာပါ။
■ ပြင်သစ်နိုင်ငံရဲ့ တိရစ္ဆာန်ကျန်းမာရေးစောင့်ကြည့်ရေး အပတ်စဉ်အစီရင်ခံစာအရ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ အီတလီ၊ လစ်ချ်တင်စတိန်း၊ လူဇင်ဘတ်၊ နယ်သာလန်၊ ပေါ်တူဂီ၊ ဆလိုဗေးနီးယား၊ စပိန်နဲ့ ဂျာစီကျွန်းတို့မှာလည်း ဗိုင်းရပ်စ်တွေ့ရှိထားတယ်လို့ ဖော်ပြထားပါတယ်။
■ လူတွေအတွက် အန္တရာယ်ရှိနိုင်လား။
■ လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ သာမန်ပြည်သူတွေအတွက် ကျန်းမာရေးအန္တရာယ်ရှိတယ်လို့ မသတ်မှတ်ရသေးပါဘူး။
■ ဒါပေမဲ့ လူကို ပထမဆုံးကူးစက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် ဘယ်လိုနည်းလမ်းနဲ့ ကူးစက်ခဲ့တာလဲ၊ လူနာသေဆုံးမှုမှာ ဗိုင်းရပ်စ်က ဘယ်လောက်အထိ ပါဝင်သက်ရောက်ခဲ့လဲဆိုတာကို ဆက်လက်စုံစမ်းဖို့ လိုအပ်နေပါတယ်။
■ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (WOAH) ရဲ့ အချက်အလက်တွေအရ လက်ရှိအချိန်အထိ Shamonda ဗိုင်းရပ်စ်အတွက် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေတဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။
■ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေအပေါ်လည်း သက်ရောက်မှုရှိ
■ Shamonda ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေမှာလည်း ရောဂါဖြစ်စေနိုင်ပြီး အထူးသဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။
■ ပြင်သစ်နိုင်ငံက နို့စားနွားခြံ ၉ ခြံကို လေ့လာထားတဲ့ သုတေသနတစ်ခုမှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ နွားအုပ်တွေမှာ နို့ထွက်နှုန်း ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာကိုတွေ့ရှိထားပါတယ်။
■ အရင်က တိရစ္ဆာန်တွေမှာသာ တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်တစ်မျိုး လူကိုပါ ပထမဆုံးကူးစက်လာတာဟာ စောင့်ကြည့်ရမယ့် အရေးကြီးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
■ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သာမန်ပြည်သူတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း အထောက်အထား မတွေ့ရှိသေးဘဲ လူနာကူးစက်ခံရပုံနဲ့ သေဆုံးမှုအပေါ် ဗိုင်းရပ်စ်ရဲ့ သက်ရောက်မှုကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Source-India Today