
#World_Health
Published 14 November 2026
■ အန္တရာယ်မရှိလောက်ဘူးလို့ ထင်ရပေမဲ့ နေ့စဉ်လုပ်နေတဲ့ အလေ့အကျင့်တချို့က အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကုဆရာဝန် ဒေါက်တာ Saurabh Sethi က သတိပေးပြောကြားလိုက်ပါတယ်။
■ ဗိုက်ဖောင်းတာ၊ ဝမ်းချုပ်တာ၊ ဝမ်းသွားရခက်တာတွေဟာ ကိုယ်စားလိုက်တဲ့ အစားအစာကြောင့်ပဲ ဖြစ်တာမဟုတ်ပါဘူး။ နေ့စဉ်နေထိုင်စားသောက်မှုပုံစံနဲ့ အလေ့အကျင့်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
■ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကု၊ အသည်းအထူးကုနဲ့ Endoscopy ကျွမ်းကျင်ဆရာဝန် ဒေါက်တာ Saurabh Sethi က လူအများ သတိမထားမိဘဲ လုပ်လေ့ရှိတဲ့ အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှား ၅ ခုကို မျှဝေထားပါတယ်။
■ ၁။ အိမ်သာတက်ရင်း ဖုန်းသုံးတာ လူတော်တော်များများက အိမ်သာတက်တဲ့အခါ ဖုန်းယူသွားပြီး ဆိုရှယ်မီဒီယာကြည့်တာ၊ ဗီဒီယိုကြည့်တာတွေ လုပ်လေ့ရှိကြပါတယ်။
■ ဒါပေမဲ့ ဖုန်းကြည့်နေရင်း အိမ်သာမှာ မလိုအပ်ဘဲ အချိန်ကြာကြာ ထိုင်မိတတ်ပါတယ်။
■ အိမ်သာမှာ အချိန်ကြာကြာ ထိုင်နေခြင်းဟာ လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဒေါက်တာ Sethi က သတိပေးထားပါတယ်။
■ ဒါကြောင့် အိမ်သာတက်တဲ့အခါ ဖုန်းကို အပြင်မှာထားခဲ့ပြီး ဝမ်းသွားတာကို ငါးမိနစ်အတွင်း အပြီးလုပ်နိုင်ဖို့ ကြိုးစားသင့်တယ်လို့ အကြံပြုထားပါတယ်။
■ ၂။ ဝမ်းသွားတဲ့အခါ အရမ်းညှစ်တာ
■ ဝမ်းသွားတဲ့အခါ အားစိုက်ညှစ်ရတာဟာလည်း လူအများကြုံတွေ့ရတဲ့ပြဿနာတစ်ခုပါ။
ဒါပေမဲ့ မကြာခဏ အားစိုက်ညှစ်ပြီး ဝမ်းသွားတာဟာ လိပ်ခေါင်းရောဂါကို ပိုဆိုးစေနိုင်သလို တင်ပါးဆုံအောက်ခြေကြွက်သားတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
■ ဒီလိုမဖြစ်အောင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ပိုစားဖို့နဲ့ ရေလုံလောက်စွာ သောက်ဖို့ လိုအပ်ပါတယ်။
■ ဒါ့အပြင် အိမ်သာထိုင်တဲ့အခါ ခြေထောက်အောက်မှာ ခုံအနိမ့်လေးတစ်ခု ခံထားပေးတာကလည်း ဝမ်းသွားရလွယ်ကူစေနိုင်တယ်လို့ သူက အကြံပြုထားပါတယ်။
■ ၃။ လေပွမှာစိုးလို့ ပဲအမျိုးမျိုး မစားတာ
တချို့လူတွေက ပဲစားရင် လေပွတာ၊ ဗိုက်ဖောင်းတာတွေ ဖြစ်တတ်လို့ ပဲအမျိုးမျိုးကို ရှောင်တတ်ကြပါတယ်။
■ တကယ်တော့ ပဲအမျိုးမျိုးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး အူထဲက ကောင်းကျိုးပြု ဘက်တီးရီးယားတွေ ပေါက်ပွားဖို့နဲ့ ဝမ်းမှန်မှန်သွားနိုင်ဖို့ အထောက်အကူပြုပါတယ်။
■ ဒါ့အပြင် ပဲနဲ့ ပဲမျိုးစုံကို ပိုမိုစားသုံးခြင်းဟာ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းခြင်းနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ဒေါက်တာ Sethi က ပြောပါတယ်။
■ ပဲစားရင် လေပွတတ်သူတွေအနေနဲ့ အစပိုင်းမှာ ပမာဏနည်းနည်းစီ စားပေးပြီး ကျက်အောင်ချက်ထားတဲ့ ပဲတွေကို ရွေးချယ်စားသုံးသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းက အစားအစာအသစ်နဲ့ တဖြည်းဖြည်းအသားကျလာမှာဖြစ်ပါတယ်။
■ ၄။ နေ့တိုင်းဝမ်းသွားရင် ဝမ်းချုပ်တာမဟုတ်ဘူးလို့ ထင်တာ
လူအများစုက နေ့တိုင်းဝမ်းသွားနိုင်ရင် ဝမ်းချုပ်တာမရှိဘူးလို့ ထင်တတ်ကြပါတယ်။
ဒါပေမဲ့ ဒေါက်တာ Sethi ရဲ့ အဆိုအရ နေ့တိုင်းဝမ်းသွားနေပေမဲ့ ဝမ်းချုပ်နေတဲ့ အခြေအနေမျိုး ရှိနိုင်ပါတယ်။
ဥပမာ -
■ ဝမ်းမာမာနဲ့ သွားရတာ။
■ ဝမ်းသွားတဲ့အခါ အားစိုက်ညှစ်ရတာ။
■ ဝမ်းသွားပြီးတဲ့အခါ အထဲမှာ ဝမ်းကျန်နေသလို ခံစားရတာ။
■ ဒီလက္ခဏာတွေဟာလည်း ဝမ်းချုပ်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
■ ဒါကြောင့် တစ်နေ့ကို ဝမ်းဘယ်နှကြိမ်သွားလဲဆိုတာတစ်ခုတည်းကိုပဲ ကြည့်လို့မရပါဘူး။ ဝမ်းရဲ့အနေအထားနဲ့ ဝမ်းသွားပြီးတဲ့အခါ သက်သာသွားရဲ့လားဆိုတာကိုပါ သတိထားဖို့ လိုပါတယ်။
■ ၅။ အကိုက်အခဲပျောက်ဆေးတွေ မကြာခဏသောက်တာ
အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏ သောက်သုံးတာဟာလည်း အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းတစ်ခုပါ။
■ အထူးသဖြင့် Ibuprofen နဲ့ Naproxen လို အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏ သောက်သုံးမိရင် အစာအိမ်အနာဖြစ်တာ၊ အစာခြေလမ်းကြောင်းအတွင်း သွေးယိုတာတွေ ဖြစ်နိုင်တယ်လို့ ဒေါက်တာ Sethi က သတိပေးထားပါတယ်။
■ ဒါ့အပြင် အစာအိမ်အနာဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ H. pylori လို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ကူးစက်မှုနဲ့ အကိုက်အခဲပျောက်ဆေးတချို့ကို အသုံးပြုမှုတို့ ပါဝင်ပါတယ်။ နေ့စဉ်စိတ်ဖိစီးမှုတစ်ခုတည်းကြောင့် အစာအိမ်အနာဖြစ်တာ မဟုတ်ဘူးလို့လည်း သူကရှင်းပြထားပါတယ်။
■ ဒါကြောင့် မလိုအပ်ဘဲ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတာကို ရှောင်ကြဉ်သင့်ပြီး မကြာခဏ ဆေးသောက်ဖို့ လိုအပ်နေတယ်ဆိုရင် ကိုယ့်အတွက် ပိုသင့်တော်ပြီး အန္တရာယ်နည်းတဲ့ ဆေးအမျိုးအစားကို ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
■ အရေးကြီးတာက ဝမ်းနေ့တိုင်းသွားနေရုံနဲ့ အူလမ်းကြောင်းကျန်းမာတယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ့်ရဲ့ဝမ်းသွားပုံ၊ ဝမ်းအနေအထားနဲ့ ခန္ဓာကိုယ်က ပြသနေတဲ့ လက္ခဏာတွေကိုပါ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
■ မှတ်ချက် - ဝမ်းချုပ်တာ၊ ဝမ်းထဲသွေးပါတာ၊ ဗိုက်နာတာတွေ ဆက်တိုက်ဖြစ်နေပါက ကိုယ့်ဘာသာ ဆေးသောက်ပြီး ဖြေရှင်းမယ့်အစား ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးသင့်ပါတယ်။
Source-NDTV