
ပြီးခဲ့သည့်နှစ်အတွင်း ကျားဖျန့်လုပ်ငန်းများကြောင့် အာရှဒေသတစ်ဝန်းတွင် ဒေါ်လာ ၁၃၆ ဒသမ ၅ ဘီလျံ ဆုံးရှုံးနစ်နာခဲ့ရကြောင်း ကျွမ်းကျင်သူများ ပြောကြားခဲ့ပြီး ကျားဖျန့်လုပ်ကိုင်သူများသည် AI နည်းပညာကို ပိုမိုအသုံးပြုလာကြသည်ဟု သတိပေးခဲ့သည်။
ထို့ကြောင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် တိုက်တွန်းမှုများ ထွက်ပေါ်လာခဲ့သည်။
ရာဇဝတ်ဂိုဏ်းများသည် ဖမ်းဆီးခံရခြင်းမှ ရှောင်ရှားရန် နယ်စပ်ဖြတ်ကျော် လှုပ်ရှားမှုများနှင့် ပိုမိုအဆင့်မြင့် လာသည့် နည်းပညာများကို အသုံးချနေကြသောကြောင့် အစိုးရများနှင့် နည်းပညာကုမ္ပဏီများ အနေဖြင့် တိုးပွားလာနေသည့် ယင်းခြိမ်းခြောက်မှုကို တစ်ဦးတစ်ဖွဲ့တည်း ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ကမ္ဘာလုံး ဆိုင်ရာ လိမ်လည်မှုတိုက်ဖျက်ရေးမဟာမိတ်အဖွဲ့ (GASA) က သတိပေးခဲ့သည်။
“နိုင်ငံတွေအနေနဲ့ ဒါကို တစ်ကိုယ်တော် တိုက်ဖျက်လို့ မရပါဘူး။ နည်းပညာကုမ္ပဏီကြီးတွေ အနေနဲ့လည်း တစ်ဖွဲ့တည်း တိုက်ဖျက်လို့ မရပါဘူး။ လိမ်လည်သူတွေဟာ နယ်စပ်ဖြတ်ကျော်ပြီး အမြဲတမ်း လှုပ်ရှားနေကြ တာကြောင့် သူတို့ ဖမ်းဆီးခံရနိုင်ခြေက သုညရာခိုင်နှုန်းနီးပါးပဲ ရှိပါတယ်” ဟု အဆိုပါ မဟာမိတ်အဖွဲ့၏ မန်နေဂျင်းဒါရိုက်တာ ဂျိုရစ် အေဘရာဟမ်က ပြောကြားခဲ့သည်။
“တရားဥပဒေ စိုးမိုးရေးအဖွဲ့တွေဖြစ်တဲ့ အင်တာပိုလ် (နိုင်ငံတကာရဲတပ်ဖွဲ့) နဲ့ ယူရိုပိုလ် (ဥရောပရဲတပ်ဖွဲ့) တို့ဟာ ကောင်းမွန်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေကြပေမဲ့ အကန့်အသတ်တွေ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားကဲ့သို့ နိုင်ငံများရှိ အကြီးစား ကျားဖျန့်ဂိုဏ်း ခြံဝင်းကြီးများကို ဖြိုခွင်းနှိမ်နင်းမှုများသည် ရာဇဝတ်လုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိဘဲ အခြားနေရာများသို့သာ ပြန့်ကျဲသွား စေခဲ့ကြောင်းလည်း အေဘရာဟမ်က သတိပေးခဲ့သည်။
ထိုအချိန်မှစ၍ ကျားဖျန့်လုပ်ငန်းများသည် အရှေ့အလယ်ပိုင်းဒေသ၊ မက္ကဆီကိုနှင့် အရှေ့ဥရောပတို့တွင် ပေါ်ထွက်လာခဲ့ပြီး၊ ရာဇဝတ်ဂိုဏ်းများသည် အကြီးစား ခြံဝင်းကြီးများအစား ဟိုတယ်များနှင့် အငှားအိမ်ရာများ တွင် အဖွဲ့ငယ်များ ခွဲ၍ ပိုမိုလှုပ်ရှားလာကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းအခြေအနေက ၎င်းတို့ကို ထောက်လှမ်းသိရှိရန်နှင့် ဖြိုခွင်းနှိမ်နင်းရန် ပိုမိုခက်ခဲစေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာရှစျေးကွက် ၁၃ ခုတွင် စစ်တမ်းကောက်ယူခဲ့သည့် အရွယ်ရောက်ပြီးသူ ၇၁ ရာခိုင်နှုန်းသည် လွန်ခဲ့သည့် ၁၂ လအတွင်း ငွေကြေးလိမ်လည်မှုတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရ ကြောင်း လွန်ခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် GASA အစီရင်ခံစာတွင် တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့အခြေ စိုက် GASA သည် ငွေကြေးလိမ်လည်မှုနှင့် မသမာမှုများကို တိုက်ဖျက်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူများကို စုစည်းပေးလျက်ရှိသည်။
ငွေကြေးလိမ်လည်မှု ကာကွယ်တားဆီးရေးနည်းပညာကုမ္ပဏီ Gogolook နှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် အဆိုပါလေ့လာမှုတွင် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အိန္ဒိယအပါအဝင် အခြားနိုင်ငံ များမှ အရွယ်ရောက်ပြီးသူ ၁၇၄၆၀ ဦးကို စစ်တမ်းကောက်ယူခဲ့သည်။
ဖြေဆိုသူ ၆၆ ရာခိုင်နှုန်းက ငွေကြေးလိမ်လည်မှုများကို ခွဲခြားသိရှိနိုင်သည်ဟု ယုံကြည်မှုရှိကြသော်လည်း လိမ်လည်မှုနှင့် ကြုံတွေ့ခဲ့ ရသူများ၏ ၆၂ ရာခိုင်နှုန်းမှာ ယင်းလိမ်လည်မှု မျိုးနှင့်ထပ်မံကြုံတွေ့ရလေ့ရှိကြောင်း သုတေသနပြုချက်အရ တွေ့ရှိရသည်။ ထိုသို့ လိမ်လည်မှုနှင့် ထပ်မံကြုံတွေ့ခဲ့ရသူများအနက် ၂၆ ရာခိုင်နှုန်းမှာ ငွေကြေးဆုံးရှုံးခဲ့ရသည်။
အွန်လိုင်းလိမ်လည်မှုများ ပိုမိုအဆင့်မြင့်လာသော်လည်း သမားရိုးကျ ဖုန်းဆက်ပြီး လိမ်လည်မှုများသည် အာရှတစ်ဝန်းနေထိုင်သူများထံ ချဉ်းကပ်ရန် အသုံးအများဆုံး နည်းလမ်းအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ် သည်။
အစီရင်ခံစာအရ ဖြေဆိုသူ ၅၆ ရာခိုင်နှုန်းသည် ဖုန်းခေါ်ဆိုမှုများမှတစ်ဆင့် လိမ်လည်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး၊ ဖုန်းမက်ဆေ့ချ်ပေးပို့မှုမှ ၅၀ ရာခိုင်နှုန်းနှင့် လူမှုမီဒီယာအက်ပလီကေးရှင်းများမှ မက်ဆေ့ချ်ပေးပို့မှု ၄၀ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး ကြုံတွေ့ခဲ့ရကြောင်း လေ့လာတွေ့ရှိခဲ့သည်။
Ref:CNA