Myanmar Transparency News

မြန်မာ့သားကောင်းအိမ်ရာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ယနေ့ထပ်မံ ခုန်ချသေဆုံး၊ ရန်ကုန်တွင် တစ်နေ့တည်း အမျိုးသမီးနှစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်

သက်တံ့
၁၅. ၁၁. ၂၀၂၆
‌‎
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ ‌‎မြန်မာ့သားကောင်းအိမ်ရာမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ယနေ့ထပ်မံ ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်း၏ ကူညီပေးမှုအရ သိရသည်။

“မြန်မာ့သားကောင်း အိမ်ရာ၊ ၆ လွှာမှ ခုန်ချ ၁၉ နှစ် မ လူနာ စံပြဆေးရုံပို့ဆောင် DB ဖြစ်သွားပါသည်။”ဟု ရွှေမေတ္တာ လူမှူကူညီရေးအသင်း ဦးဆောင်သူ မရွှေလဲ့က လူမှုကွန်ရက်တွင် ခုန်ချလူနာပုံနှင့်တကွ ယနေ့ မွန်းလွဲပိုင်းက ရေးသားဖော်ပြထားသည်။

အဆိုပါဖြစ်စဥ်အပေါ် တာဝန်ရှိသူများက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် ဆက်လက်စစ်ဆေးနေကြောင်း သိရသလို ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီအချိန်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ တိုက်ခန်းတစ်ခု၏ ၆ လွှာမှ အမျိုးသမီးကြီးတစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်း၏ ကူညီဆောင်ရွက်ပေးမှုဆိုင်ရာ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ ‎စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ တိုက်ခန်းတစ်ခုတွင် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီးတစ်ဦးက တိုက်ခန်း ၆ လွှာအမြင့်မှ ခုန်ချရာ မြေညီထပ်မှ မိုးကာပေါ်ကျခဲ့သော်လည်း မိုးကာကွဲပြီး အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ၏ ရုပ်အလောင်းအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုနှင့် ရဲလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ နာရေးကူညီမှုယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News