Eleven Media Group

သောက်စားမောင်းနှင်မှုဖြင့် အမေရိကန်လေတပ် ကပ္ပတိန်တစ်ဦး အိုကီနာဝါတွင် ဖမ်းဆီးခံရ

ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းတွင် နိုဝင်ဘာ ၁၄ ရက်က အမေရိကန်လေတပ်မှ ကပ္ပတိန်တစ်ဦး အရက်သေစာသောက်ပြီး ကားမောင်းသည်ဟု သံသယရှိခံရသဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အသက် ၂၇ နှစ်အရွယ် ၄င်းအရာရှိသည် နိုဝင်ဘာ ၁၄ ရက် နံနက် ၃ နာရီ ၉ မိနစ်ခန့်က အိုကီနာဝါရှိလမ်းပေါ်တွင် ကားမောင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အိုကီနာဝါရှိ ကာဒီနာလေတပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသူဟု သိရသည်။

ယခုဖမ်းဆီးမှုသည် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် လူသတ်မှုဖြစ်ရပ် ကြောင့် အိုကီနာဝါတွင် ပြင်းထန်သည့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုဖြစ်ရပ်နောက်ပိုင်း အမေရိကန်စစ်ဘက်ဝင်များ ကျူးလွန်သည့် ပြစ်မှုများကို တားဆီးရန် အမေရိကန်နှင့် ဂျပန်တို့ ပြီးခဲ့သည့်သီတင်းပတ်တွင် အစီအမံများ သဘောတူခဲ့ကြသည်။ အိုကီနာဝါတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရင်း ဒဏ်ရာရခဲ့ကာ အမေရိကန်မရိန်းတပ်သားတစ်ဦး သေဆုံးထားမှုကလည်း မကြာသေးပေ။

ဂျပန်နိုင်ငံတွင် အမေရိကန်စစ်ဘက်ဝန်ထမ်း ၅၄,၀၀၀ ခန့် တပ်စွဲထားပြီး အများစုက အိုကီနာဝါကျွန်းတွင် အခြေစိုက်ထားသည်။ အမေရိကန်စစ်ဘက်ဝန်ထမ်းများ၏ ပြစ်မှုကျူးလွန်မှုများက လုံခြုံရေးအရ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နေသည့် အမေရိကန်နှင့် ဂျပန်တို့ကြား ဆက်ဆံရေးတွင် ကာလရှည်ကြာ အငြင်းပွားစရာဖြစ်နေသည်။

အမေရိကန်တာဝန်ရှိသူများက အောက်ခြေအဆင့် တပ်ဖွဲ့ဝင်များအတွက် ညမထွက်ရအချိန် သတ်မှတ်ချက်ကို ဒီဇင်ဘာ ၇ ရက်အထိ တိုးမြှင့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်ဘက်ဝန်ထမ်းအားလုံး ည ၁၂ နာရီမှ နံနက် ၅ နာရီအတွင်း နေအိမ်ပြင်ပ၌ အရက်သေစာသောက်သုံးခြင်းကိုလည်း တားမြစ်ထားသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group