Kanbawza Tai News

တရားသူကြီး ခန့်အပ်မှု အလျင်အမြန်လုပ်ဆောင်နေသည့် ထရမ့်ကို ရီပတ်ဘလစ်ကန်အမတ်များက ကန့်ကွက်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တွေ အမေရိကန်အထက်လွှတ်တော်ကို ထိန်းချုပ်မလာခင် တရားသူကြီး တွေကို တတ်နိုင်သမျှ အများဆုံး ခန့်အပ်နိုင်ဖို့ နောက်ဆုံးအချိန်မှာ အလျင် အမြန် ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရီပတ်ဘလစ်ကန်ပါတီဝင် အမတ်တချို့ကပင် ဒီကြိုးပမ်းမှု ကို ကန့်ကွက်လာတာကြောင့် အခက်အခဲ တွေ ရင်ဆိုင်နေရတယ်လို့ ရိုက်တာ သတင်းမှာဖော်ပြထား ပါတယ်။

မကြာသေးခင်အထိတော့ အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်အမတ်တွေက ထရမ့်ရဲ့ ဒုတိယသမ္မတ သက်တမ်း အတွင်း ခရိုင်တရားရုံးနဲ့ အယူခံတရားရုံးတွေအတွက် တစ်သက်တာခန့် အပ်ရမယ့် တရားသူကြီးရာထူးတွေအတွက် ထရမ့်တင်သွင်းတဲ့ အမည်စာရင်းတွေကို ပုံမှန်အတိုင်း အတည်ပြုပေးခဲ့ပါတယ်။ အခုအချိန်အထိ ၅၇ ဦး ကို အတည်ပြု ပေးထားပြီး ထရမ့်အနေနဲ့ သူ့သမ္မတသက်တမ်းပြီးဆုံးသွားပြီးနောက်မှာတောင် ဆက်လက်သက်ရောက်မယ့် ရှေးရိုးစွဲ ဝါဒီ အမြင်တွေကို အမေရိကန်တရားစီရင်ရေးစနစ်မှာ ခိုင်မာအောင် ထည့်သွင်းနိုင်ဖို့ ကူညီပေး ထားပါတယ်။

ဒါပေမဲ့ အခုတော့ အိမ်ဖြူတော်နဲ့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်ခေါင်းဆောင်တွေက တရားသူကြီး အမည်စာရင်းတွေကို ကြားကာလအစည်းအဝေးအတွင်း အလျင်အမြန် ဆက်လက် တင်သွင်းနေချိန်မှာ ရီပတ်ဘလစ်ကန် အမတ်တချို့က သူတို့ကိုယ်စားပြုတဲ့ ပြည်နယ်တွေအတွက် ရွေးချယ်ထားတဲ့ တရားသူကြီး ကိုယ်စားလှယ်လောင်း ၃ ဦး ကို တားဆီးတာ ဒါမှမဟုတ် ထောက်ခံဖို့ မသေချာဘူးလို့ ပြောလာပါတယ်။

အစဉ်အလာအရ အထက်လွှတ်တော်အမတ်တွေဟာ သူတို့ကိုယ်စားပြုတဲ့ ပြည်နယ်တွေမှာ တရားသူကြီး နေရာလွတ် တွေအတွက် ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာ ရွေးချယ်ရာမှာ ပါဝင်လေ့ ရှိပါတယ်။ အထူးသဖြင့် ခရိုင်တရားရုံး တရားသူကြီးအမည်စာရင်းတွေဟာ ပိုပြီး အတားအဆီး တွေ့နိုင်ပါတယ်။ အကြောင်းကတော့ အထက်လွှတ်တော်ရဲ့ အစဉ်အလာအရ ပြည်နယ်ကိုယ်စားပြု အထက်လွှတ်တော်အမတ်တွေက “ Blue Slip” လို့ခေါ်တဲ့ ထောက်ခံကြောင်း ဖောင်ကို မပေးဘူးဆိုရင် အထက်လွှတ်တော် တရားစီရင်ရေးကော်မတီမှာ အဲဒီအမည်စာရင်းကို ဆက်လက်လုပ်ဆောင်လို့ မရတာကြောင့် ဖြစ်ပါတယ်။

အိမ်ဖြူတော်က ဒီအစဉ်အလာကို ယေဘုယျအားဖြင့် လိုက်နာပေမယ့် ရီပတ်ဘလစ်ကန်အမတ်တွေက ကန့်ကွက် နေတဲ့ကြားက သူတို့ရွေးချယ်ထားတဲ့ ရှေးရိုးစွဲဝါဒီတွေကို တရားသူကြီးနေရာလွတ်တွေ အတွက် တင်သွင်းခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

အိုကလာဟိုးမားပြည်နယ်က ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် အလန် အမ်းစထရောင်း က “ကျွန်တော်တို့ ဘက်က အရည်အချင်းပြည့်မီတဲ့ ကိုယ်စားလှယ်လောင်းတွေ အများကြီးကို အိမ်ဖြူတော်ဆီ ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က အဲဒါတွေကို လျစ်လျူရှုပြီး သူတို့ရွေးထားတဲ့ တစ်ယောက်ကိုပဲ တင်သွင်းခဲ့တယ်” လို့ ပြောပါတယ်။

အထက်လွှတ်တော် တရားစီရင်ရေးကော်မတီကနေ မကြာခင် အနားယူတော့မယ့် မြောက်ကာရိုလိုင်းနား ပြည်နယ်က သွမ် တီလစ်စ် နဲ့ တက္ကဆက်ပြည်နယ်က ဂျွန် ကော်ရ်နင် တို့လို ရီပတ်ဘလစ်ကန်အမတ်တွေက အဲဒီလို တရားသူကြီး ကိုယ်စားလှယ်လောင်းတွေ အတည်ပြုရေး အတွက် လိုအပ်တဲ့ မဲတွေ မရအောင် တားဆီးနိုင်ပါတယ်။

အိမ်ဖြူတော်က အင်္ဂါနေ့မှာ အမေရိကန်ခရိုင်တရားသူကြီး လီ ရူဒေါဖ်စကီး ကို စိန့်လူးဝစ်အခြေစိုက် အမေရိကန် ၈ ကြိမ်မြောက် အယူခံတရားရုံးမှာ ခန့်အပ်ဖို့ တင်သွင်းထားတဲ့ အမည်စာရင်းကို ရှားရှား ပါးပါး ပြန်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီအစား အာကန်ဆတ်ပြည်နယ် တရားရုံးချုပ်တရားသူကြီး ဂျေ. ကိုဒီ ဟီလန် ကို အစားထိုးတင်သွင်းခဲ့ပါတယ်။ အာကန်ဆတ်ပြည်နယ်က အထက်လွှတ်တော်အမတ် ဂျွန် ဘူးဇ်မန် နဲ့ တွမ် ကော့တန် တို့က ရူဒေါဖ်စကီးကို ကန့်ကွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။

အနားယူတော့မယ့် ရီပတ်ဘလစ်ကန်အမတ် အမ်းစထရောင်း နဲ့ ကော်ရ်နင် တို့က သူတို့ပြည်နယ်တွေ အတွက် တင်သွင်းထားတဲ့ တရားသူကြီး ကိုယ်စားလှယ်လောင်း ၂ ဦးကို လူသိရှင်ကြား ထောက်ခံ ထားခြင်း မရှိပါဘူး။ တီလစ်စ် ကလည်း သူ့ပါတီဝင် လုပ်ဖော်ကိုင်ဖက်တွေက ကန့်ကွက်နေတဲ့ ကိုယ်စားလှယ်လောင်းတွေကို တားဆီးဖို့ သူ့ရဲ့ ကော်မတီဝင်အဖြစ် ရှိနေတဲ့ အနေအထားကို အသုံးပြုနေပါတယ်။

ထရမ့်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့ တီလစ်စ်က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို အိမ်ဖြူတော် ဘက်က တစ်ခါတလေ အထက်လွှတ်တော်အမတ်တွေကို “ဒါက ကျွန်တော်တို့လူပါ၊ ခင်ဗျားတို့လည်း ထောက်ခံ ပေးမယ်လို့ မျှော်လင့်ပါတယ်” ဆိုတဲ့သဘောမျိုး ပြောလာတယ်လို့ ဆိုပါတယ်။

တီလစ်စ်က “ဒီနေရာမှာ အဲဒီလိုတော့ လုပ်လို့မရပါဘူး။ ဒီလိုတုံ့ပြန်မှုမျိုး ရလာမယ်ဆိုတာ သူတို့မျှော်လင့်ထားသင့် ပါတယ်” လို့ ပြောပါတယ်။

အိမ်ဖြူတော်အတွက်တော့ လာမယ့် ရက်သတ္တပတ်အနည်းငယ်ဟာ ထရမ့် ပထမဆုံးသမ္မတ သက်တမ်းကတည်းက စတင်ခဲ့တဲ့ အမေရိကန်ဖက်ဒရယ် တရားစီရင်ရေးစနစ်ရဲ့ အယူဝါဒပိုင်းဆိုင်ရာ ချိန်ခွင်လျှာကို ညာဘက်၊ ရှေးရိုးစွဲ ဝါဒီဘက်ကို ရွှေ့ဖို့ ကြိုးပမ်းခဲ့တဲ့ စီမံကိန်းရဲ့ နောက်ဆုံးအခွင့်အရေး ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုရဲ့ သက်ရောက်မှုတွေက ထရမ့် သမ္မတရာထူးကနေ ထွက်သွားပြီးနောက် နှစ်ပေါင်းများစွာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက “အထက်လွှတ်တော်မှာ လက်ရှိစောင့်ဆိုင်းနေတဲ့ တရားသူကြီး ကိုယ်စားလှယ် လောင်းအားလုံးကို ဒီနှစ်အတွင်း အတည်ပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်နယ်ထရမ့် ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ပထမဆုံးသမ္မတသက်တမ်းအတွင်း တရားသူကြီး ၂၃၄ ဦး ကို ခန့်အပ်ခဲ့ပါတယ်။ အဲဒီထဲမှာ လက်ရှိ အမေရိကန်တရားရုံးချုပ်ရဲ့ ရှေးရိုးစွဲဝါဒီ ၆ ဦး၊ လစ်ဘရယ် ၃ ဦးရှိတဲ့ အများစု အဖွဲ့ထဲက တရားသူကြီး ၃ ဦးလည်း ပါဝင်ပါတယ်။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တရားသူကြီးတွေထဲက သုံးပုံတစ်ပုံ ခန့်ဟာ ထရမ့် ခန့်အပ်ထားသူတွေ ဖြစ်နေပါတယ်။

Ref – Reutrers

မူရင်းသတင်း — Kanbawza Tai News