Eleven Media Group

အစ္စရေး ညွန့်ပေါင်းအစိုးရဖွဲ့ရန် နေတန်ယာဟု၏ တိုက်တွန်းချက်ကို အတိုက်အခံခေါင်းဆောင်က လှည့်ကွက်ဟု ပယ်ချ

အစ္စရေးယာယီဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက အတိုက်အခံခေါင်းဆောင် ဂါဒီ အိုင်ဆန်ကော့နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် နိုဝင်ဘာ ၁၄ ရက်တွင် ထပ်မံတိုက်တွန်းလိုက်ပြီး အိုင်ဆန်ကော့ကမူ ယင်းကမ်းလှမ်းမှု သည် နိုင်ငံရေးလှည့်ကွက်တစ်ခုသာ ဖြစ်သည်ဟုဆိုကာ ပယ်ချခဲ့သည်။

အစိုးရသစ်ဖွဲ့စည်းရန် တာဝန်ပေးအပ်ခံရပြီးနောက် အိုင်ဆန်ကော့က ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် ပါတီများနှင့် ဆွေးနွေးနေချိန် ခေါင်းဆောင်နှစ်ဦး၏ အပြန်အလှန်မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက်တွင် နေတန်ယာဟုက အိုင်ဆန်ကော့နှင့် တွေ့ဆုံခဲ့ပြီးနောက် အစ္စရေးလုံခြုံရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် လိုအပ်ကြောင်း ၊ ထိုအစိုးရဖွဲ့နိုင်ပါက အီရန်၏ခြိမ်းခြောက်မှုကို အပြီးတိုင် ဖယ်ရှားနိုင်မည် ဖြစ်ကြောင်း ပြောဆိုထားသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။

ယင်းအစိုးရတွင် အစ္စရေးနိုင်ငံက ဂျူးများအတွက် နိုင်ငံဖြစ်သည်ကို အသိအမှတ်ပြုသည့် ပါတီများ ပါဝင်သင့်ကြောင်း ၊ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို အဓိကထား ဖြေရှင်းရမည်ဖြစ်ပြီး အထူးသဖြင့် အီရန်က အစ္စရေးအပေါ် နျူကလီးယား လက်နက် အသုံးပြုရန် ဝန်လေးမည်မဟုတ်ကြောင်း နေတန်ယာဟုက သတိပေးခဲ့သည်။

တစ်ဆက်တည်းတွင် အိုင်ဆန်ကော့က အစိုးရအဖွဲ့ဝင်အများစု မရရှိဘဲ အစိုးရဖွဲ့မည့် အစီအစဉ်ကိုလည်း နေတန်ယာ ဟုက သတိပေးကာ “အားနည်းပြီး အန္တရာယ်ရှိတဲ့ အစိုးရဖွဲ့ဖို့ ကြိုးစားမယ့်အစား တစ်ခန်းတည်းမှာ ဘာသတ်မှတ်ချက်မှ မထားဘဲ တွေ့ကြရအောင်။ တစ်ဖက်နဲ့တစ်ဖက် သဘောထားကွဲလွဲမှုတွေကို ဘေးချိတ်ပြီး နိုင်ငံလုံခြုံရေးနဲ့ အနာဂတ် အတွက်ပဲ သဘောတူညီချက် ယူကြရအောင်”ဟု တိုက်တွန်းခဲ့သည်။

အိုင်ဆန်ကော့ဘက်ကလည်း နေတန်ယာဟုသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိလျက်နှင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် တောင်းဆိုနေခြင်းက မာယာလှည့်ကွက်ဟု ဆိုကာ “ဒီလိုလှည့်ကွက်တွေက ကျွန်တော့်အတွက် အလုပ်မဖြစ်ဘူး”ဟု ပယ်ချထားသည်။ အိုင်ဆန်ကော့သည် နိုဝင်ဘာ ၈ ရက်တွင် အစိုးရသစ်ဖွဲ့စည်းရန် တာဝန်ပေးအပ်ခံရပြီးနောက် ၂၈ ရက်အတွင်း အစိုးရဖွဲ့စည်းရမည်ဖြစ်ကာ လိုအပ်ပါက နောက်ထပ် ၁၄ ရက် သက်တမ်းတိုးခွင့်ရှိသည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group