Myanmar Transparency News

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး သီတဂူဆရာတော်ကြီးနှင့် သက်တော်ရှည်ဆရာတော်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညို

သက်တံ့
၁၅. ၁၁. ၂၀၂၆

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သီတဂူဆရာတော်ကြီးနှင့် ဆေးကုသမှုခံယူလျက်ရှိသည့် သက်တော်ရှည်ဆရာတော်ကြီးတို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို မေးမြန်းလျှောက်ထားခဲ့ကြသည်ဟု သိရသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သီတဂူစက္ခုဒါနဆေးရုံတော်သို့ ရောက်ရှိပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယသာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး သာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို မေးမြန်းလျှောက်ထား၍ ဆရာတော်ကြီး၏ ဩဝါဒကို နာယူကာ သီတဂူစက္ခုဒါနဆေးရုံတော်အတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့အပြင် ဆေးရုံတော်အတွင်း မျက်စိခွဲစိတ်ကုသပေးနေမှုများကို ကြည့်ရှုအားပေးပြီး ကုသမှုခံယူထားသူများနှင့် ခွဲစိတ်ကုသရန် စောင့်ဆိုင်းနေသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ကုတင် ၁,၀၀၀) တွင် ဆေးကုသမှုခံယူလျက်ရှိသည့် သက်တော် ၉၂ နှစ်၊ ဝါတော် ၇၂ ဝါရှိ ဟင်္သာတမြို့ မိုးကောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသအား ဖူးမြော်ကြည်ညိုကာ ကျန်းမာရေးအခြေအနေကို မေးမြန်းပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် နဝကမ္မအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News