ရောင်နီ (NP News) - နိုဝင်ဘာ ၁၆
ဂွါတီမာလာနိုင်ငံသား နိုဘယ်စာပေဆုရှင် စာရေးဆရာ မီဂယ်အန်ဟယ် အက်စတူရီးယက်စ်ရဲ့အရိုးပြာအိုးကို ကွယ်လွန်ပြီး (၅၂) နှစ်အကြာမှ ဇာတိနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဂွါတီမာလာအစိုးရ အဆက်ဆက်က ၎င်းရဲ့ရုပ်ကြွင်းတွေကို မိခင်နိုင်ငံဆီ ပြန်လည်ပို့ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း စာရေးဆရာရဲ့မြေးဖြစ်သူ ဆန်ဒီနိုအက်စတူရီးယက်စ်က ၎င်းရဲ့အဘိုးကို နိုင်ငံရေးအကျိုး အမြတ်အတွက် အသုံးချခံရမှာ မလိုလားတာကြောင့် ယခင်က ပြန်လည်ပို့ဆောင်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ်၊ သမ္မတ ဘာနာဒို အာရီဗာလို အာဏာရလာပြီးနောက် အစိုးရရဲ့ပြုပြင်ပြောင်းလဲရေး မူဝါဒတွေဟာ အက်စတူရီးယက်စ်ရဲ့နိုင်ငံရေးအယူအဆတွေနဲ့ကိုက်ညီတာကြောင့် ယခုအချိန်ဟာ နေရပ်ပြန်ပို့ဖို့ သင့်တော်တဲ့ အချိန်လို့ မိသားစုက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
၁၈၉၉ ခုနှစ်၊ ဂွါတီမာလာနိုင်ငံမှာ မွေးဖွားခဲ့တဲ့ အက်စတူရီးယက်စ်ဟာ ဗဟိုအမေရိကဒေသမှ နိုဘယ်စာပေဆု ရရှိတဲ့တစ်ဦးတည်းသော စာရေးဆရာဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ စာပေလောကအတွက် ထူးချွန်စွာ အကျိုးပြုခဲ့မှု ကြောင့် နိုဘယ်စာပေဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ၎င်းဟာ ဗဟိုအမေရိကနဲ့ တောင်အမေရိကနိုင်ငံအချို့မှာ သံတမန် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၁၉၅၄ ခုနှစ်မှာ အမေရိကန်ကို ထောက်ခံမှုနဲ့ အာဏာသိမ်းခံခဲ့ရတဲ့ သမ္မတ ဂျာကိုဘို အာဘင်ဇ်ရဲ့လက်ဝဲယိမ်းအစိုးရကို ထောက်ခံခဲ့ခြင်းကြောင့် ဂွာတီမာလာနိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံခဲ့ရပါတယ်။
၎င်းရဲ့စာပေလက်ရာတွေမှာ မာယာတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို စာပေရေးသားနည်း အသစ်တွေနဲ့ပေါင်းစပ်ဖော်ပြတဲ့အပြင် အာဏာရှင်စနစ်၊ လူမှုမညီမျှမှုနဲ့ နိုင်ငံရေးဖိနှိပ်မှုတွေကိုလည်း ဝေဖန် ရေးသားခဲ့တာကြောင့် ၂၀ ရာစု လက်တင်အမေရိက စာပေလောကမှာ အရေးပါသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ အက်စတူရီးယက်စ်ဟာ ဘဝရဲ့နောက်ဆုံးနှစ်တွေကို စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ နေထိုင်ခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

