Myanmar Digital News

ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉) အရ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် အမျိုးသမီးများကို လက်ခံစောင့်ရှောက်ထား

နေပြည်တော် နိုဝင်ဘာ ၁၅

 

အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်း၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) အရ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သည့် ပြစ်မှုရင်ဆိုင်ဆဲ ၄ ဦး၊ ပြစ်ဒဏ်ကျ ၅၆ ဦး၊ အုပ်ထိန်းသူမဲ့ကျောင်းသူ ၂၃ ဦး စုစုပေါင်းကျောင်းသူ ၈၃ ဦး တို့ကို လက်ခံစောင့်ရှောက်ထားပြီး ကျောင်းအနေဖြင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ အကျင့်စာရိတ္တ ပြုပြင်ပေးခြင်း၊ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ပံ့ပိုးမှုများ ဆောင်ရွက်ခြင်း၊ အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယနေ့နံနက်ပိုင်းတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင် သည် အဆိုပါ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်း တာဝန်ရှိသူများက ကျောင်းအတွင်း ဖွင့်လှစ်ထားသည့် အကြမ်းဖက်ခံရသော အမျိုးသမီးများကို တစ်နေရာ တည်းတွင်ဝန်ဆောင်မှုပေးသည့် စင်တာ (One Stop Women Support Center- OSWSC)တွင် စောင့်ရှောက်ထားကာ ဝန်ဆောင်မှုပေးနေသည့် အ​ခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျောင်းသူများအား အကျင့်စာရိတ္တပြုပြင်ပေးခြင်း အပြင် ၎င်းတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတများကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များဖိတ်ခေါ်ကာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာကို တိုးချဲ့သင်ကြားပေးခြင်း၊ စာဖတ်သည့်အလေ့ အကျင့်ကောင်းများ ဆောင်ရွက်ပေးခြင်း၊ ၎င်းတို့၏ နေရပ်ပြန်ပါက ပြန်လည်အသုံးချနိုင်မည့် အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျောင်းသူများ စားသောက်မှုတွင် အထောက်အပံ့ဖြစ်စေရေးနှင့် စိတ်အပန်းဖြေမှုရရှိစေရေး ကျောင်းတွင်းသီးပင် စားပင်များ စိုက်ပျိုးရန်နှင့် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ပေးရန် မှာကြားပြီး သင်တန်းသူများနှင့် ဝန်ထမ်းများကို အားပေးစကားများ ပြောကြားသည်။

 

ထို့ပြင် အမျိုးသမီးသက်မွေးအတတ်ပညာ သင်ကျောင်းရှိ အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်း သင်တန်းများဖြစ်သည့် စက်ချုပ်လေ့ကျင့် ကုန်ထုတ်ခြင်းသင်တန်း၊ ချပ်စက္ကူခေါက် ကုန်ချော ထုတ်လုပ်ငန်း၊ ချည်ထိုးသင်တန်း၊ ခြင်းထိုးသင်တန်းနှင့် “အ”သုံးလုံးသင်ကြားပေးမှုများကို လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ချမ်းမြေ့မောင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News