Myanmar Digital News

ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း မြဝတီဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မြဝတီ နိုဝင်ဘာ ၁၅

 

ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း၊ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ယမန်နေ့က မြဝတီမြို့နယ် သင်္ဃန်းညီနောင် ရွာလယ်ဘုန်းကြီးကျောင်းတိုက်သို့ သွားရောက်ကာ ပြည်သူ အိမ်ထောင်စု ၁၇၉ စုနှင့် တွေ့ဆုံပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့် ဆန်၊ ဆီနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်သည်။

 

ဆက်လက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြဝတီမြို့ နယ်စပ်ကုန်သွယ်ရေးဇုန်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ကျ ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားဆွေးနွေးသည်။

 

မွန်းလွဲပိုင်းတွင် မြဝတီမြို့နယ် မယ်ထော်သလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ ရောက်ရှိခဲ့ပြီး ဖလူးကျေးရွာအုပ်စုအတွင်းမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးသန့်ဇင်နှင့် ဝန်ထမ်းများက အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံကြည့်ရှုကြသည်။ ထို့နောက် ယာယီနေရပ် စွန့်ခွာပြည်သူ အိမ်ထောင်စု ၄၃၅ စု အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြဝတီမြို့နေ လုပ်ငန်းရှင် စေတနာရှင်တို့က ပူးပေါင်းလှူဒါန်းသည့် အိမ်ထောင်စုတစ်စု လျှင် ဆန်သုံးပြည်၊ ဆီတစ်လီတာ တစ်ဘူး၊ ငွေကျပ် ၂၀၀၀၀ တို့ကို ပေးအပ်သည်။

 

ဆက်လက်ပြီး မြဝတီမြို့ အမှတ်(၄)ရပ်ကွက် လှိုင်ထိပ်ခေါင်တင်လမ်းရှိ မိုးလုံလေလုံ အားကစားခန်းမသို့ ရောက်ရှိပြီး မြဝတီမြို့နယ်အတွင်း တရားမဝင် ရောက်ရှိလာသော နိုင်ငံခြားသားများအား ထိန်းသိမ်းထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အမှတ်(၆)ရပ်ကွက် ဗိုလ်ကြာသုတ် လမ်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဂိုဒေါင်များကို လည်းကောင်း၊ အမှတ်(၅)ရပ်ကွက် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား၌ လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။ ထို့ပြင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ချစ်ကြည်ရေးလမ်းရှိ (အောင်ဇမ္ဗူလင်း ဟိုတယ်ဝင်း)အတွင်းသို့ ရောက်ရှိခဲ့ပြီး ဟိုတယ်ဝင်းအတွင်း၌ တရားမဝင် နိုင်ငံခြားသားများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News