Myanmar Digital News

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ပြသထားသည့် ပြကွက်များအား ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

ရန်ကုန် နိုဝင်ဘာ ၁၅

 

ဗုဒ္ဓသာသနာတော်ကို သင်္ဂါယနာတင်ပွဲများ ပထမအကြိမ်မှ ဆဋ္ဌမအကြိမ်အထိ ခဲယဉ်းစွာကျင်းပပြီး ထိန်းသိမ်းခဲ့ပုံကို သိမြင်နိုင်စေရန်နှင့် အထောက်အထားများ ပြည့်စုံစွာသိရှိနိုင်စေရန်၊ ဆဋ္ဌသင်္ဂါယနာ တင်ခြင်းနှင့် ပတ်သက်သောအကြောင်းအရာ၊ အချက်အလက်များ ပြည့်စုံစွာ သိရှိနိုင်စေရန်၊ ထေရဝါဒဗုဒ္ဓသာသနာတော် တည်တံ့ခိုင်မြဲစေရန် ဆရာတော်၊ သံဃာတော်ကြီးများ၊ နိုင်ငံတော်အစိုးရ နှင့်တိုင်းသူပြည်သားများက ခေတ်အဆက်ဆက်တွင် ဘက်ပေါင်းစုံမှ ကြိုးစား၍ ထိန်းသိမ်းစောင့်ရှောက် ဆောင်ရွက်ခဲ့ပုံများကို လေ့လာသိရှိ ကြည်ညိုသဒ္ဓါပွားများနိုင်စေရန်နှင့် ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်တိုင်းတွင် အလားတူ တာဝန်ရှိသည်ကို သိမြင်စေရန် ရည်ရွယ်ချက်တို့ဖြင့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်၌ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓသာသနာတော် ဆိုင်ရာသမိုင်းဝင် အမွေအနှစ်များကို ပြသထားသည့် ပြကွက်များအား ယနေ့နံနက်ပိုင်းတွင် တာမွေမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၅၃ ဦးနှင့် ရန်ကင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၅၉ ဦး စုစုပေါင်း ၃၆၂ ဦးက လာရောက်လေ့လာကြသည်။ 

 

အဆိုပါ လေ့လာရေးအဖွဲ့ကို ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးက ဦးဆောင်၍ သင်္ဃန်းကျွန်း ခရိုင်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် အထက်တန်းပြ ဆရာ ဆရာမများနှင့်အတူ ကျောင်းသား ကျောင်းသူများသည် ဆဋ္ဌသင်္ဂါယနာတင်မဟာပါသာဏလိုဏ်ဂူ သိမ်တော်၏ သမိုင်းကြောင်းနှင့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ အမွေအနှစ်ပြကွက် ၁၀ ကွက်ကို လေ့လာကြရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ကိုကိုဇော် - MNA

မူရင်းသတင်း — Myanmar Digital News