Myanmar Digital News

စစ်ကိုင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

စစ်ကိုင်း နိုဝင်ဘာ ၁၆

 

စစ်ကိုင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။

 

ဦးစွာ ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လွင်မာအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင်ပို့ချမည့် လူသုံးကုန်ပစ္စည်းများအကြောင်း ရှင်လင်းပြောကြားသည်။

 

ထို့နောက် ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်သွဲ့ဝေလွင်က သင်တန်းသူ (၁)ဦးအား သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် လူသုံးကုန် ဆပ်ပြာဆီအမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး ပြုလုပ်နည်းအဆင့်ဆင့်ကို ခုနစ်ရက်ကြာ ပို့ချမည်ဖြစ်ပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

နေလင်းအောင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News