
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက နိုင်ငံတကာဥပဒေသည် အာဏာရှိသူများ၏ အကျိုးစီးပွားအတွက် အသုံးချနေသည့် ကိရိယာတစ်ခု ဖြစ်နေသည်ဟု ဝေဖန်ခဲ့ပြီး နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ကိုလည်း ပြင်းထန်စွာ ထိုးနှက်ပြောဆိုခဲ့သည်။
နိုဝင်ဘာ ၁၃ ရက်က ကျင်းပသည့် Federalist Society National Lawyers Convention အခမ်းအနားတွင် ရူဘီယိုက မိန့်ခွန်းပြောကြားမှုအတွင်း တိုက်ခိုက်ပြောဆိုခဲ့ခြင်းဖြစ်ပြီး အမေရိကန်က အသိအမှတ်မပြုသည့် စည်းမျဉ်းများကို ဟိဂ်မြို့ အခြေစိုက် ICC က အတင်းအကျပ်အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။
အမေရိကန်က ICC အပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ခဲ့ပြီး တရားရုံး၏လုပ်ငန်းများကို အားနည်းသွားအောင် ဆောင်ရွက်မည်ဟု ကြေညာခဲ့ပြီးနောက် တစ်လခန့်အကြာတွင် ရူဘီယို၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ICC သည် လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံး ရာဇဝတ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို တရားစွဲဆိုသည့် တရားရုံးဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ တရားစီရင်ရေးစနစ်က တာဝန်ခံမှုရှိစေရန် မဆောင်ရွက်နိုင်သည့်အခါ နောက်ဆုံးအဆင့်အဖြစ် ဝင်ပါဆောင်ရွက်ခြင်းဖြစ်သည်။ အစ္စရေး၊ ရုရှားနှင့် တရုတ်နိုင်ငံတို့က ICC အဖွဲ့ ဝင်နိုင်ငံများ မဟုတ်ကြပေ။
အခမ်းအနားတွင် ရူဘီယိုမိန့်ခွန်းပြောကြားပြီးချိန် တက်ရောက်လာသူများက မတ်တပ်ရပ်၍ လက်ခုပ်တီး အားပေးခဲ့ကြ သည်။ ရူဘီယိုက နိုင်ငံတကာဥပဒေကို ဒေါ်နယ်ထရန့်အစိုးရ၏ အဓိကနိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်များစွာအပေါ် အသုံးချဝေဖန်ခဲ့ကြောင်း ထောက်ပြခဲ့သည်။ ထိုအထဲတွင် ကာရေဘီယံဒေသအတွင်း လှေများကို ပစ်မှတ်ထားခဲ့သည့် အမေရိကန်၏စစ်ဆင်ရေးများ ၊ ဗင်နီဇွဲလားခေါင်းဆောင် နီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးခဲ့မှုများ ပါဝင်သည်။
နိုင်ငံတကာဥပဒေသည် ကမ္ဘာ့အထက်တန်းလွှာများက ၎င်းတို့၏အကျိုးစီးပွားများကိုမြှင့်တင်ရန် အသုံးချနေသည့် ကိရိယာဟုလည်း ရူဘီယိုက စွပ်စွဲပြောဆိုခဲ့သည်။ ရူဘီယိုသည် ထရန့်၏နေရာကို ဆက်ခံမည့် အလားအလာရှိသူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ခံထားရသော်လည်း ၂၀၂၈ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်ရန် အစိုးရအဖွဲ့မှ ထွက်ခွာမည်ဆိုသည့် သတင်းများကို ရူဘီယိုဘက်က ပယ်ချထားသည်။
Ref: AFP