Eleven Media Group

■ အာဆီယံနှင့်တရုတ် တောင်တရုတ်ပင်လယ်ဆိုင်ရာ စည်းမျဉ်း သဘောတူညီချက် အပြီးသတ်မရရှိသေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်ပေါင်း ၂၀ ကျော်ကြာ ဆွေးနွေးနေသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း သဘောတူညီချက်ကို ဖိလစ်ပိုင်က အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ်အတွင်း အပြီးသတ်နိုင်ခြင်း မရှိသေးကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

မူကြမ်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို ယာယီသဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း အဓိကကျသည့် ကိစ္စအချို့တွင် သဘောတူညီမှု မရသေးကြောင်း လာဇာရိုက မနီလာမြို့တွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ယင်းတို့အနက် ကျင့်ဝတ်စည်းမျဉ်းကို ပါဝင်သည့်နိုင်ငံများက ဥပဒေအရ မဖြစ်မနေ လိုက်နာရမည်လားဆိုသည့်ကိစ္စလည်း ပါဝင်သည်။

“အခုထိတော့ အပြီးသတ်သဘောတူညီချက် မရသေးပါဘူး” ဟု လာဇာရိုက ဆိုပြီး အာဆီယံနှင့်တရုတ်တို့ အမြင်ကွဲပြားမှုများ ရှိနေဆဲဖြစ်ကြောင်း ပြောသည်။

တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်၏အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများက အဆိုပါကျင့်ဝတ်စည်းမျဉ်းကို နိုင်ငံတကာဥပဒေအပေါ် အခြေခံရန် လိုလားကြသည်။ တရုတ်ဘက်က တောင်တရုတ်ပင်လယ်အတွင်း ၎င်း၏ လုပ်ဆောင်ချက်များသည် ဥပဒေနှင့်အညီဖြစ်ပြီး စနစ်တကျ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောသည်။

တရုတ်၏ကျယ်ပြန့်သည့် ပင်လယ်ရေပြင် ပိုင်ဆိုင်ခွင့်တောင်းဆိုချက်များသည် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့၏ သီးသန့်စီးပွားရေးဇုန်များနှင့် ထပ်နေသည်။ ထို့ကြောင့် ပင်လယ်ပြင်အတွင်း တင်းမာမှုများ ပိုမိုမြင့်တက်မလာစေရန်နှင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကိုဖြေရှင်းနိုင်ရန် ထိရောက်သည့် ကျင့်ဝတ်စည်းမျဉ်းတစ်ရပ် ရရှိရေးမှာ အရေးကြီးသည်။

လာမည့်နှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို စင်ကာပူက လွှဲပြောင်းရယူမည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း သဘောတူညီချက်ရရှိရေးကို ဆက်လက်ကြိုးပမ်းမည်ဖြစ်သည်။

Ref: Reuters

မူရင်းသတင်း — Eleven Media Group