သတိုး
၁၆. ၁၁. ၂၀၂၆
မြန်မာနိုင်ငံအနေဖြင့် ငါးနှစ်ကြာ ဖြစ်ပွားနေသည့် အကျပ်အတည်းကို ဖြေရှင်းရန် ဒေသတွင်းအဖွဲ့အစည်း၏ ကာလရှည်ကြာ ချမှတ်ထားသော အစီအစဉ်အပေါ် တိုးတက်မှုများ လုပ်ဆောင်ပြသနိုင်ပါက အာဆီယံအဖွဲ့အတွင်း မြန်မာ၏ နိုင်ငံရေးအရ အပြည့်အဝ ကိုယ်စားပြုခွင့်ကို တဖြည်းဖြည်းခြင်း ပြန်လည်ပေးအပ်ရန် စဉ်းစားသွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ခေါင်းဆောင်များက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
မနီလာမြို့တွင် ကျင်းပသည့် ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များသည် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ အပြည့်အဝ ကိုယ်စားပြုတက်ရောက်ခွင့် ပိတ်ပင်ထားသည့် မူဝါဒကို လောလောဆယ် ဆက်လက်ထိန်းသိမ်းထားရန် သဘောတူခဲ့ကြသည်။

သို့သော်လည်း အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ် (5PC) ဟု လူသိများသော အဆိုပြုအစီအစဉ်အပေါ် မြန်မာနိုင်ငံဘက်မှ “ရေရှည်တည်တံ့ပြီး ခိုင်မာသော” တိုးတက်မှုများ ဖော်ဆောင်နိုင်ပါက “အဆင့်လိုက်နှင့် တိုးတက်မှုအပေါ် အခြေခံသည့်” ချဉ်းကပ်မှုမှတစ်ဆင့် “ချိန်ညှိထားသော ထိတွေ့ဆက်ဆံမှု” (Calibrated Engagement) ကို လုပ်ဆောင်သွားရန် သဘောတူခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ထို့အပြင် ထူးခြားသည့် ခြေလှမ်းတစ်ရပ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ခြင်းကိုလည်း အာဆီယံအဖွဲ့ကြီးက ထောက်ခံအားပေးသည့် အသွင်ဆောင်လာခဲ့သည်။
မကြာသေးမီ လများအတွင်း ထိုင်းနိုင်ငံနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားသည် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ကြရာ အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများသို့ မြန်မာခေါင်းဆောင်များ တက်ရောက်ခွင့် ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးရန် အဖွဲ့အပေါ် ဖိအားအသစ်များ ဖြစ်ပေါ်စေခဲ့သည်။
“မြန်မာနိုင်ငံအနေနဲ့ ဘုံသဘောတူညီချက် ငါးရပ် (5PC) အကောင်အထည်ဖော်မှုမှာ ရေရှည်တည်တံ့ပြီး ခိုင်မာတဲ့ တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် အာဆီယံအနေနဲ့ မြန်မာရဲ့ နိုင်ငံရေးအရ အပြည့်အဝ ကိုယ်စားပြုခွင့်ကို တဖြည်းဖြည်း ပြန်လည်ပေးအပ်ဖို့ စဉ်းစားနိုင်ပါတယ်” ဟု ထိပ်သီးအစည်းအဝေးတွင် ချမှတ်ခဲ့သော ပူးတွဲဆုံးဖြတ်ချက်၌ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

“ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရာမှာ အနှစ်သာရရှိတဲ့ တိုးတက်မှုတွေ ရရှိစေဖို့အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင် ထိတွေ့ဆက်ဆံမှုကတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ကျွန်ုပ်တို့ အားပေးထောက်ခံပါတယ်”ဟု ၎င်းတို့က ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီး မကြာမီ ချမှတ်ခဲ့သည့် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးရပ်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် တောင်းဆိုထားပြီး အာဆီယံ၏ ကြားဝင်စေ့စပ်ပေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်လည်း ပါဝင်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ နိုင်ငံတော်သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်သည် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ထံမှ ထောက်ခံမှုများ ရရှိထားသည်။ ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ် အစိုးရက နှစ်ပေါင်းများစွာ အထီးကျန်ထားခဲ့သည့် မူဝါဒကို ပြောင်းပြန်လှန်လိုက်သည့်အနေဖြင့် အမေရိကန်အရာရှိများနှင့် လျှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း အပါအဝင် မကြာသေးမီ လများအတွင်း ဦးမင်းအောင်လှိုင်၏ အစိုးရအဖွဲ့သည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ပိုမိုရရှိလာခဲ့သည်။
Ref: Reuters