
ရောင်နီ (NP News) - နိုဝင်ဘာ ၁၆
ဂျပန်နိုင်ငံဦးဆောင်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ AI နည်းပညာကို အသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်မှု တွေ လုပ်ဆောင်ဖို့ အသုံးပြုနေတယ်လို့ သံသယရှိတဲ့ ဆာဗာ (Server) ၁,ဝဝဝ ခန့်ကို တွေ့ရှိခဲ့တယ်လို့ နိုဝင်ဘာ (၁၄) ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီစုံစမ်းမှုကို ဂျပန်နိုင်ငံရဲ့ Japan Computer Emergency Response Team Coordination Centre (JPCERT/CC) က နိုင်ငံခြားဆိုက်ဘာ လုံခြုံရေးကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလအစောပိုင်းက စတင်စုံစမ်းခဲ့ပြီး အခုအချိန်မှာတော့ အဲဒီဆာဗာတွေထဲက (၆ဝဝ) ကနေ (၇၀၀) ကြားကို ဆက်လက်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ စုံစမ်းတွေ့ရှိချက်တွေအရ ဆာဗာအများစုမှာ Artex လို AI အသုံးပြုထားတဲ့နည်းပညာတွေကို ထည့်သွင်းထားပြီး ကွန်ပျူတာစနစ်တွေရဲ့လုံခြုံရေးအားနည်းချက်တွေကို ရှာဖွေတာနဲ့ စနစ်ဆိုင်ရာအချက်အလက်ဖိုင်တွေကို ရယူဖို့ ကြိုးစားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆာဗာတစ်ခုမှာ အမေရိကန် AI ကုမ္ပဏီ Anthropic ရဲ့ပရိုဂရမ်ရေးသားမှုအထောက်အကူပြု ကိရိယာ တစ်ခုကို အသုံးပြုထားတဲ့အထောက်အထားတွေလည်း တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ဟက်ကာတွေက သူတို့ရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ ပိုမိုထိရောက်စေဖို့ AI နည်းပညာကို အသုံးချနေတယ်ဆိုတာကို ပြသနေပါတယ်။ အချို့ ဆာဗာတွေမှာတော့ စမတ်ဖုန်း Application တွေရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကို လေ့လာနိုင်တဲ့ ကိရိယာတွေနဲ့ စနစ် လုံခြုံရေးအားနည်းချက်တွေကို စမ်းသပ်နိုင်တဲ့ပရိုဂရမ်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကိရိယာတွေကို အသုံးပြုပြီး Application တွေကို လေ့လာကာ ခွင့်ပြုချက်မရှိဘဲ ပြင်ပစနစ်တွေနဲ့ ချိတ်ဆက် ထားတဲ့လမ်းကြောင်းတွေကတစ်ဆင့် ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ ယူဆထားပါတယ်။ အရင်က ဟက်ကာ လုပ်ငန်းတွေဟာ အထူးကျွမ်းကျင်မှုနဲ့ အချိန်အများကြီး လိုအပ်ခဲ့ပေမယ့် အခုအခါ AI နည်းပညာတွေ တိုးတက် လာတာကြောင့် အဲဒီလုပ်ငန်းတွေကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။
JPCERT/CC မှ လေ့လာဆန်းစစ်သူ ကန်ဆာဂျိုကလည်း ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ AI အသုံးပြုမှုဟာ အစောပိုင်းအဆင့်မှာပဲ ရှိသေးတာကြောင့် နောင်မှာ ပိုမိုရှုပ်ထွေးပြီး အဆင့်မြင့်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင် တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။