Eleven Media Group

အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိနေသည့်တိုင် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဖြစ်ကြောင်း ရှိတ်ဟာဆီနာ ပြောကြား

အသက်အန္တရာယ် ခြိမ်းခြောက်မှုရှိနေသည့်တိုင် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာက ပြောကြား နိုဝင်ဘာ ၁၆ ရက်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားများဦးဆောင်သည့် လူထုအုံကြွမှုကြောင့် ၎င်း၏ ၁၅ နှစ်ကြာ တင်းကျပ်သော အုပ်ချုပ်မှု အဆုံးသတ်သွားပြီးနောက် ဟာဆီနာသည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကာ ထိုအချိန်မှစပြီး အိန္ဒိယတွင် ခိုလှုံနေထိုင်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများကို သေကျေပျက်စီးစေခဲ့သည့် အင်အားသုံးဖြိုခွင်းမှုများနှင့် ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ဘင်္ဂလားဒေ့ရှ် တရားရုံးတစ်ရုံးက ဟာဆီနာအား အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်က မျက်ကွယ်ပြစ်ဒဏ်အဖြစ် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်မ ပြန်လာရင် ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို အပြည့်အဝ သိရှိနားလည်ထားပါတယ်။ဒါပေမဲ့ ကျွန်မ ဆုံးဖြတ်ချက် ချပြီးပါပြီ၊ ဘယ်လို အသက်အန္တရာယ် ခြိမ်းခြောက်မှုမျိုးကမှ ကျွန်မကို ကိုယ့်မိခင်နိုင်ငံနဲ့ ဝေးကွာအောင် တားဆီးနိုင်မှာ မဟုတ်ပါဘူး" ဟု ဟာဆီနာက အီးမေးလ်မှတစ်ဆင့် ဖြေကြားသည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ဟာဆီနာအနေဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမည်ဆိုပါက ကွပ်မျက်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်ချမှတ်မှုအပေါ် အယူခံဝင်ရန် သတ်မှတ်ရက် ကျော်လွန်သွားပြီဖြစ်၍ နောက်ထပ် ဥပဒေကြောင်းအရ အခွင့်အလမ်း မရှိတော့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာတွင် ဟာဆီနာ၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အသက် ၇၉ နှစ်အရွယ် ဟာဆီနာသည် အဆိုပါ တရားစီရင်မှု၏ တရားဝင်မှုကို အကြိမ်ကြိမ် ပယ်ချထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၎င်းအား လွှဲပြောင်းပေးရန် အိန္ဒိယနိုင်ငံထံ တောင်းဆိုထားပြီး အိန္ဒိယဘက်ကမူ အဆိုပါတောင်းဆိုချက်ကို ဥပဒေကြောင်းအရ ပြန်လည်သုံးသပ်နေဆဲဖြစ်ကြောင်း ပြောကြားထားသည်။

ဟာဆီနာကမူ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ရပ်တည်ချက်မှာ ကျိုးကြောင်းညီညွတ်မှုမရှိကြောင်း ပြောကြားခဲ့သည်။

"လပေါင်းများစွာကြာအောင် သူတို့ဘက်က ကျွန်မကို ပြန်လာဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ အခု ကျွန်မဘက်က အိမ်ပြန်ဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေ လှမ်းလာတဲ့အခါမှာတော့ သူတို့က တကယ်ပြန်လာခွင့်ပြုဖို့ထက် ကျွန်မကို ခြိမ်းခြောက်ဖို့ကိုပဲ ပိုပြီးစိတ်ဝင်စားနေပုံရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဘက်က အခုလို ရှေ့နောက်မညီ ပြောဆိုနေတာတွေဟာ တော်တော်လေး အတွင်းသရုပ်ကို ပေါ်လွင်စေတယ်လို့ ကျွန်မ မြင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဟာဆီနာ၏ နေရပ်ပြန်မည်ဟူသော ကတိပြုမှုသည် နိုင်ငံရေးအရ ဆက်လက်အရေးပါနေစေရန်၊ ထောက်ခံသူများ၏ သစ္စာစောင့်သိမှုကို ထိန်းသိမ်းထားရန်နှင့် တစ်ချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လွှမ်းမိုးချုပ်ကိုင်ခဲ့သော်လည်း ယခုအခါ လှုပ်ရှားမှုများ ပိတ်ပင်ခံထားရသည့် ၎င်း၏ အဝါမီလိဂ်ပါတီကို ဆက်လက်ရှင်သန်နေစေရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်နိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ယူဆကြသည်။

ထို့ပြင် ၎င်းသည် သေဒဏ်ချမှတ်ခံထားရသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်သည့် ခေါင်းဆောင်ကြီး၏ သမီးဖြစ်သူအား အစိုးရအနေဖြင့် ကွပ်မျက်ရန် အခက်တွေ့နိုင်သည့် အခြေအနေကို တွက်ဆနေခြင်းလည်း ဖြစ်နိုင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မကြာသေးမီက ဆက်တိုက်ဖြစ်ပွားခဲ့သည့် ဓာတ်ဆီဗုံးခွဲ တိုက်ခိုက်မှုများ၌ ၎င်း၏ အဝါမီလိဂ်ပါတီ ပါဝင်ပတ်သက်နေသည်ဟု အာဏာပိုင်များက စွပ်စွဲထားခြင်းကိုလည်း ဟာဆီနာက ငြင်းဆိုခဲ့သည်။

နေရပ်ပြန်ရေး စီစဉ်ဆောင်ရွက်ရန်အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီကို ရယူရန် ရည်ရွယ်ချက်မရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

"ကျွန်မကိုယ်တိုင် ဆန္ဒအလျောက် ပြန်လာဖို့ ဆုံးဖြတ်ထားပြီးသားအချိန်မှာ ဘာကြောင့် တခြားနိုင်ငံတစ်ခုကို ကျွန်မကို တရားခံအဖြစ် လွှဲပြောင်းပေးဖို့ တောင်းဆိုရမှာလဲ။ တရားခံ လွှဲပြောင်းပေးရေးဆိုတာ အချုပ်အခြာအာဏာပိုင် နိုင်ငံနှစ်နိုင်ငံကြားက ကိစ္စရပ်တစ်ခုပါ။ အိန္ဒိယနိုင်ငံအနေနဲ့ သူ့ရဲ့ ဥပဒေတွေ၊ မူဝါဒတွေနဲ့ အမျိုးသားအကျိုးစီးပွားတွေနဲ့အညီ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချသွားပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဟာဆီနာသည် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များ အပါအဝင် အခြားသော တရားစွဲဆိုမှု အများအပြားကိုလည်း ရင်ဆိုင်နေရသည်။

"ကျွန်မအပေါ် မမှန်မကန် စွဲဆိုထားတဲ့ အမှုပေါင်း ၆၀၀ ကျော် ရှိနေပါတယ်" ဟု ဟာဆီနာက ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group