NP News

မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့၏လုပ်ရပ်များကို အားပေးထောက်ခံဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၆

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်က အရှေ့တောင်အာရှနိုင်ငံများးအသင်းနှင့် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရန်နှင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို အဆုံးသတ်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဂူတာရက်စ်က ​"ဒါဟာ အထွေထွေအတွင်းရေးမှူးချုပ်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့နောက်ဆုံးအကြိမ် ASEAN-UN ထိပ်သီးအစည်းအဝေးဖြစ်ပေမဲ့၊ ဒီဒေသရဲ့ ရှေ့ဆက်ခရီးအတွက် အမြဲတမ်း အားကျအတုယူနေမှာဖြစ်ပြီး သစ္စာစောင့်သိနေဦးမှာပါ" ဟု ပြောကြားခဲ့သည်။
အဖွဲ့ဝင် (၁၁) နိုင်ငံပါဝင်သည့် အဆိုပါအသင်းကြီးနှင့် (၁၅) နှစ်ကြာ မိတ်ဖက်ဆက်ဆံရေးသည် လက်ရှိတွင် ပဋိပက္ခများ၊ ရာသီဥတုဖောက်ပြန်မှု၊ လူနေမှုစရိတ် အကျပ်အတည်းနှင့် မြင့်တက်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ၊ အကောက်ခွန်များနှင့် စွမ်းအင်စရိတ်များ စသည့် "ပြင်းထန်သော ဆန့်ကျင်ဘက်လေပြင်းများ နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

၄င်းက "မဲခေါင်ဒေသအပေါ်သက်ရောက်နေတဲ့ ရုရှား-ယူကရိန်း ပဋိပက္ခရဲ့သက်ရောက်မှုတွေကို ကျွန်တော် အပြည့်အဝ သတိပြုမိပါတယ်။ ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားနဲ့ ပင်လယ်နက်တို့မှာ ပိတ်ဆို့မှုတွေအပါအဝင် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကိုလည်း သိရှိပါတယ်" ဟု ပြောသည်။
ထိုအပြင် အခြေအနေအားလုံးတွင် ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်နှင့်အခွင့်အရေးများကို ကာကွယ်ရန် ကုလသမဂ္ဂ၏ အတုအယောင်မရှိသော ကတိကဝတ်ကို ဂူတာရက်စ် က ပြန်လည်အတည်ပြုပြောကြားခဲ့သည်။ အဆိုပါစိန်ခေါ်မှုများနှင့် အခြားစိန်ခေါ်မှုများကို ကျော်လွှားရန်ဆိုသည်မှာ UN-ASEAN ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခြင်းပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

​"ပိုမိုကျယ်ပြန့်စွာပြောရရင်တော့ ကမ္ဘာကြီးဟာ ဘက်စုံဝင်ရိုးစုံ (multipolar) ဖြစ်လာတာနဲ့အမျှ သင့်တို့လို တက်ကြွလာတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အင်အားစုတွေကို ထိရောက်စွာ ထောက်ပံ့ပေးပြီး ကိုယ်စားပြုနိုင်တဲ့ ဘက်စုံစနစ်တစ်ခု လိုအပ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ဂူတာရက်စ်သည် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်တွင် ကျင့်ဝတ် (Code of Conduct) ရေးဆွဲရေးဆိုင်ရာ ကြိုးပမ်းမှုများနှင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား ၂၀၂၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး တည်တံ့ခိုင်မြဲရေးကို အထောက်အကူပြုခြင်း အပါအဝင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးခဲ့သည်။

သို့သော်လည်း ၎င်းက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအပေါ်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဂူတာရက်စ်က "လူသားတွေရဲ့ဒုက္ခရောက်မှုဟာ အတိုင်းအဆမဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပါပြီ" ဟု ၎င်းက ဆိုသည်။
"အားလုံးကို ကာကွယ်ဖို့၊ နိုင်ငံတကာ ဥပဒေများကို လိုက်နာဖို့နဲ့ ဘေးကင်းပြီး ရေရှည်တည်တံ့ကာ အတားအဆီးမရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို ပေးအပ်ဖို့ သက်ဆိုင်သူအားလုံးကို ကျွန်တော် တိုက်တွန်းပါတယ်" ဟု ၄င်းက ပြောသည်။

ကုလသမဂ္ဂအနေဖြင့် မြန်မာအရေးကို တုံ့ပြန်သည့်အနေဖြင့် ချမှတ်ခဲ့သော ငြိမ်းချမ်းရေးအစီအစဉ်ဖြစ်သည့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်အကောင်အထည်ဖော်မှုကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ ဦးဆောင်သည့် အားလုံးပါဝင်သော နိုင်ငံရေးအရ အဖြေရှာမှုကိုလည်း ဆက်လက်ထደောက်ပံ့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကူရာမဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံ၏ တောင်းဆိုချက်များကို ၎င်းက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့သည် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် လမ်းကြောင်းတစ်ခု ရှာဖွေဖော်ထုတ်ရန်၊ အားလုံးပါဝင်သော ဆွေးနွေးညှိနှိုင်းမှုများအတွက် နေရာဖန်တီးပေးရန်နှင့် အာဆီယံ၏ အချက် (၅) ချက်ပါ အစီအစဉ်အကောင်အထည်ဖော်မှုကို ထောက်ပံ့ရန်အတွက် အာဆီယံအဖွဲ့အစည်း အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

မူရင်းသတင်း — NP News