Eleven Media Group

■ မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် သံတမန်ရေးရာ ကြိုးပမ်းမှုအသစ်များကို ထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောကြား

မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် သံတမန်ရေးရာ ကြိုးပမ်းမှုအသစ်များကို ထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ အစည်းအဝေးအတွင်း အာဆီယံ ခေါင်းဆောင်များက မြန်မာနိုင်ငံနှင့် ချိန်ညှိထားသော ထိတွေ့ဆက်ဆံမှုတစ်ရပ် လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြပြီးနောက် ဂူတာရက်စ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

"ပဋိပက္ခတစ်ခုမှာ ပါဝင်ပတ်သက်နေသူ ဘယ်သူနဲ့မဆို ထိတွေ့ဆက်ဆံဖို့ အမြဲတမ်း လိုအပ်တယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ပါဘူး" ဟု ဂူတာရက်စ်က အာဆီယံ ထိပ်သီးအစည်းအဝေး၏ ပြင်ပဆက်စပ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ထိတွေ့ဆက်ဆံခြင်းသည် အလျှော့ပေးလိုက်လျောခြင်း မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆုံးသတ်ရမည်ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

"အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လိုအပ်ပါတယ်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့ လိုအပ်ပါတယ်၊ ပြီးတော့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရပါမယ်" ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

"အဲဒီအချက်တွေက မြန်မာနိုင်ငံအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အခြေအနေတစ်ရပ်ဆီကို လျှောက်လှမ်းနိုင်မယ့် နည်းလမ်းတစ်ခု ပေါ်ပေါက်စေနိုင်တဲ့ အချက်တွေဖြစ်ပြီး၊ လူတိုင်းကလည်း အဲဒီအခြေအနေ ပေါ်ပေါက်လာဖို့ လိုလားတောင့်တသင့်ပါတယ်" ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group