Eleven Media Group

■ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ကြောင်း အတိုက်အခံများက ပြစ်တင်ရှုတ်ချ

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အာဏာသိမ်းရန် ကြိုးပမ်းခဲ့ကြောင်း အတိုက်အခံခေါင်းဆောင်နှစ်ဦးက နိုဝင်ဘာ ၁၅ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

ပြီးခဲ့သည့်လက ကျင်းပခဲ့သော ရွေးကောက်ပွဲမတိုင်မီ နေတန်ယာဟု၏ရုံးသည် အာရပ်-အစ္စရေး ပါတီတစ်ခုမှ အဖွဲ့ဝင်များအား အမှုဆင် ချောက်ချရန် ကြိုးပမ်းခဲ့ကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့ပြီးနောက် အစ္စရေး အတိုက်အခံ ခေါင်းဆောင်နှစ်ဦးက ယင်းလုပ်ရပ်ကို အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

"အသေးစိတ် အချက်အလက်တွေ ပိုပြီးပေါ်ထွက်လာတာနဲ့အမျှ ရှင်းရှင်းလင်းလင်း သိလာရတာကတော့ ဒါဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှုသက်သက် မဟုတ်ပါဘူး။ ဒါဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတစ်ခုပါ" ဟု ယခင်လွှတ်တော်သက်တမ်းတွင် အတိုက်အခံခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိ Beyachad ညွန့်ပေါင်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ယာယာ လာပစ် က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အောက်တိုဘာလ ၂၇ ရက်နေ့ ရွေးကောက်ပွဲ အကြိုနေ့ ညတွင် နေတန်ယာဟု၏ ရုံးအဖွဲ့မှူး အီဒို နော်ဒန်သည် အာရပ်-အစ္စရေး Raam ပါတီဝင်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်တိုင်ကြားခဲ့ကြောင်း အစ္စရေး ရုပ်သံလိုင်း Channel 12 က နိုဝင်ဘာ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

နော်ဒန်သည် နေတန်ယာဟု ရုံး၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် ထောက်လှမ်းရေးသတင်းပေးဆိုသူကို ရဲတပ်ဖွဲ့ကို တင်ပြခဲ့ပြီး ယင်းသတင်းပေးဆိုသူ ပေးပို့သည့် သတင်းအချက်အလက်များကြောင့် Raam ပါတီဝင် သုံးဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါ သတင်းအချက်အလက်များမှာ အခြေအမြစ်မရှိကြောင်း ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ပြီးနောက် Raam ပါတီဝင် အမျိုးသားသုံးဦး ပြန်လည်လွတ်မြောက်လာခဲ့သည်။

အာရပ်ပါတီများ စံချိန်တင် အမတ်နေရာအများအပြား အနိုင်ရရှိခဲ့ပြီးနောက် နေတန်ယာဟုက ၎င်းတို့အား မဲမသမာမှု ပြုလုပ်ကြောင်း စွပ်စွဲခဲ့သည်။

နေတန်ယာဟု၏ လီကွတ်ပါတီကမူ အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး နောက်ဆုံးထွက်ပေါ်လာသည့် စွပ်စွဲချက်များကို ငြင်းဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ဖြစ်သည့် Shin Bet အဖွဲ့အကြီးအကဲ ဒေးဗစ် ဇီနီသည် အခြားသော အာရပ်နိုင်ငံရေးမဟာမိတ်အဖွဲ့ဖြစ်သည့် Joint List ၏ ခေါင်းဆောင်များ၏ တယ်လီဖုန်းဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ရန် ရှေ့နေချုပ်ကို တောင်းဆိုခဲ့သော်လည်း သက်သေအထောက်အထား မလုံလောက်မှုကြောင့် ရှေ့နေချုပ်က ၎င်း၏ တောင်းဆိုချက်ကို ပယ်ချခဲ့ကြောင်း အစ္စရေးသတင်းစာ Haaretz ကလည်း ဖော်ပြခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် Joint List ခေါင်းဆောင် ယူဆက်ဖ် ဂျာဘာရင်းကလည်း နေတန်ယာဟု၏ အာဏာသိမ်းရန် ကြိုးပမ်းမှု အဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။

"တကယ်လို့ ဒီတွေ့ရှိချက်တွေသာ အတည်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ ရွေးကောက်ပွဲရလဒ်တွေကို မသမာတဲ့နည်းနဲ့ ပြောင်းလဲဖို့ အစိုးရက အဓိကနေရာကနေ လုပ်ဆောင်ခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ ယန္တရားတစ်ခုပဲ ဖြစ်ပါတယ်။ နေတန်ယာဟု အပါအဝင် တာဝန်ရှိသူ အားလုံးကို အရေးယူရပါမယ်" ဟု ၎င်းက လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။

Raam ပါတီ၏ ဒုတိယခေါင်းဆောင်ဖြစ်သူ ရဲချုပ်ဟောင်း ယိုအာ့ဗ် ဆီဂါလိုဗစ်ဇ်ကလည်း အရေးပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

"ဒီသံသယဖြစ်ဖွယ်ရာ ကိစ္စရပ်တွေအတွက် ပါဝင်ပတ်သက်သူ အားလုံးကို အဆင့်တိုင်း၊ အခန်းကဏ္ဍတိုင်းမှာ ထိထိရောက်ရောက် စစ်ဆေးနိုင်မယ့် ချက်ချင်းလုပ်ဆောင်ရမယ့် လွတ်လပ်ပြီး စေ့စပ်သေချာတဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ခု လိုအပ်ပါတယ်" ဟု ၎င်းက လူမှုကွန်ရက် X တွင် ရေးသားခဲ့သည်။

"နေတန်ယာဟုဟာ သူ့ရဲ့ ရွေးကောက်ပွဲရလဒ် အခိုးခံနေရပါတယ်လို့ အော်ဟစ်နေခဲ့ပေမဲ့ တကယ်တမ်းကျတော့ သူကိုယ်တိုင်က နိုင်ငံတော်ကို ခိုးယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အခုထိလည်း ကြိုးစားနေတုန်းပါပဲ" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group