Myanmar Digital News

ထိုင်းနိုင်ငံ ကျောက်ဖယားမြစ်၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် မီးထွန်းပွဲတော်ကျင်းပ

ဗန်ကောက်   နိုဝင်ဘာ   ၁၅

ထိုင်းနိုင်ငံ နိုင်ငံပိုင်ခရီးသွားလုပ်ငန်းအေဂျင်စီသည် ခရီးသွားများလာရောက်မှုအများဆုံး ခရီးသွားကာလအတွင်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရေးကျယ်ပြန့်သည့် ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသအဖြစ် ကျောက်ဖယားမြစ်တွင် မီးထွန်းပွဲတော်တစ်ခုကို နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဗီဂျစ်ကျောက်ဖယား ၂၀၂၆ ဟု အမည်ပေးထားသည့် အဆိုပါ ပွဲတော်သည် ပွဲတော်ပိတ်သိမ်းမည့် ဒီဇင်ဘာ ၁၃ ရက် မတိုင်မီကာလအတွင်း ခရီးသွား ၁ ဒသမ ၄ သန်းကျော်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ထားပြီး ခရီးသွားများ၏ သုံးစွဲငွေ ထိုင်းဘတ် ၈ ဒသမ ၆ ဘီလီယံရှိမည်ဟု ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက်အရ သိရသည်။

ထိုင်းနိုင်ငံ၏ အဓိကရေလမ်းကြောင်းဖြစ်သည့် ကျောက်ဖယားမြစ်သည် နိုင်ငံ၏သမိုင်း၊ ယဉ်ကျေးမှု၊ ဗိသုကာလက်ရာနှင့် လူနေထိုင်မှုပုံစံများဆိုင်ရာ သမိုင်းကြောင်းကို ကိုယ်စားပြုနေကြောင်း ခရီးသွား လုပ်ငန်းနှင့် အားကစားဆိုင်ရာဝန်ကြီး ဆူရာ ဆက် ဖန်ချာရွန်ဝိုရာကူးလ်က ပြောကြားသည်။

အဆိုပါ ပွဲတော်သည် ယဉ်ကျေးမှုအမွေအနှစ်များကို တီထွင်ဖန်တီးနိုင်စွမ်း၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာတို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ တန်ဖိုးအသစ်များကို ဖန်တီးပေး သကဲ့သို့ ထိုင်းနိုင်ငံ၏ အမျိုးသားရေးလက္ခဏာများကိုလည်း ခေတ်နှင့်အညီ တင်ဆက်ပြသထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ညအချိန်တွင် ဖျော်ဖြေရေးနှင့် လည်ပတ်စရာအစီအစဉ်များ ရှိနေခြင်းက ခရီးသွားများအတွက် ခရီးသွားလာမှုများပြားစေရန်နှင့် ကြာရှည်စွာ တည်းခိုနေထိုင်စေရန် တွန်းအားပေးကြောင်းနှင့် အဆိုပါအစီအစဉ်အရ မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေများ ရရှိစေပြီး ဗန်ကောက်မြို့ကို ကမ္ဘာ့အလယ်၌ တီထွင်ဖန်တီးမှု အားကောင်းသည့် မြို့တစ်မြို့အဖြစ် မိတ်ဆက်ပေးကြောင်း ၎င်းက ပြောကြားသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News