Myanmar Digital News

လူသားတို့၏ နောက်ဆုံးခရီးစဉ်သစ် (သို့မဟုတ်) အာကာသခရီးသွားလုပ်ငန်း

စည်သူကျော်

“ဘယ်သွားချင်သလဲ၊ သားသားရယ် ….. ဦးဦး ကိုသာပြောပါကွယ်”

“လကမ္ဘာရောက်အောင်၊ သားကိုခေါ် ….. ဦးဦး လိုက်ပို့နော်”

“လကမ္ဘာကြီးရယ်၊ ဝေးလွန်းတယ် ….. စိတ်ကူး ရုံနဲ့မောလိမ့်မယ်”

“လိုက်မပို့ရင်၊ နေပေါ့ကွယ် ….. သားသား စိတ်ကောက်မယ်”

ငယ်စဉ်ကလေးဘဝက ကြားဖူးခဲ့သော ကလေးသီချင်းလေးတစ်ပုဒ်မှ ပျော်ရွှင်ဖွယ်ရာ စာသား အပိုင်းအစလေးများဖြစ်ပါသည်။ ရေဒီယိုမှလာသည် ဟုထင်သည်။ မကြာခဏဆိုသလို ကြားဖူးခဲ့သည်ကို အမှတ်ရမိသည်။ လကမ္ဘာသို့ စူးစမ်းသွားလာလိုသော ကလေးတစ်ဦး၏ အိပ်မက်ဖြစ်ပေလိမ့်မည်။

လူသားတို့သည် ဆယ်စုနှစ်များစွာကပင် စကြာဝဠာအတွင်းရှိ နေ၊ လ၊ ကြယ်တာရာများနှင့် အခြားဂြိုဟ်များကို စူးစမ်းလေ့လာရန် စိတ်ဝင်တစားရှိခဲ့ကြသည်။ လူသားတို့၏ မဆုတ် မနစ်သော ကြိုးပမ်းအားထုတ်မှု၊ လက်တွေ့စူးစမ်း လေ့လာမှု၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပညာရပ်များ တိုးတက်ဖြစ်ပေါ်မှုတို့ကြောင့် တစ်ချိန်က စိတ်ကူးယဉ် သိပ္ပံဝတ္ထုများတွင်သာ တွေ့မြင်နိုင်ခဲ့သော အာကာသဆိုင်ရာ ခရီးစဉ်များသည် ယနေ့ခေတ်တွင် လက်တွေ့ဖြစ်ပေါ်လာခဲ့ပြီဖြစ်ပါသည်။ အာကာသကို ပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှုများ ထက်ကျော်လွန်၍ အာကာသအတွေ့အကြုံ (Space Experience) ကို ပေးစွမ်းသော အာကာသခရီးသွားလုပ်ငန်း(Space Tourism) ဆိုသော ခရီးသွား လုပ်ငန်းအမျိုးအစားတစ်ခုသည်လည်း ဝေါဟာရ သက်သက်သာမက လက်တွေ့လှုပ်ရှားလုပ်ဆောင်မှု အဆင့်အထိပါ တိုးတက်ရောက်ရှိလာပြီဖြစ်ပါသည်။

လပေါ်သို့ခရီးသွားခြင်း

အာကာသခရီးသွားလုပ်ငန်း ဆိုသည်မှာ အာကာသသို့ ခရီးသွားရောက်လိုသူများအား ပုဂ္ဂလိကအာကာသယာဉ်ကုမ္ပဏီများ သို့မဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းများက အခကြေးငွေဖြင့် အာကာသခရီးစဉ်အတွေ့အကြုံများ ပေးအပ်သည့် ခရီးသွားလုပ်ငန်းအမျိုးအစားဖြစ်ပါသည်။ ခရီးစဉ် အတွင်း ကမ္ဘာ့အပြင်ဘက်သို့ ခဏတာသွားရောက်၍ ကမ္ဘာ့ဆွဲငင်အားမဲ့အခြေအနေကိုခံစားခြင်း၊ ကမ္ဘာ့အပြင်ဘက်မှနေ၍ ကမ္ဘာမြေ၏ အသွင်သဏ္ဌာန်ကို ကြည့်ရှုခြင်းတို့ပါဝင်နိုင်ပြီး နောင်အနာဂတ်တွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရက်အတန်ကြာ နေထိုင်ခြင်း၊ လပေါ်သို့ခရီးသွားခြင်းတို့ ပါဝင်လာနိုင်ပါသည်။

အာကာသခရီးသွားလုပ်ငန်းသည် သာမန်ခရီးသွားလုပ်ငန်းများနှင့်မတူညီဘဲ အာကာသဆိုင်ရာ သိပ္ပံပညာရပ်များ၊ အင်ဂျင်နီယာပညာရပ်များ၊ ဒုံးပျံနည်းပညာ၊ ဆက်သွယ်ရေးနည်းပညာနှင့် လူသားတို့၏ စွန့်စားစူးစမ်းလိုစိတ်တို့ပေါင်းစပ်ထားသော အနာဂတ်စီးပွားရေးလုပ်ငန်း ကဏ္ဍတစ်ခု ဖြစ်ပါသည်။

အာကာသခရီးသွားလုပ်ငန်း၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်ပါက ၁၉၅၇ ခုနှစ်တွင် ဆိုဗီယက်ယူနီယံက Sputnik - 1 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ခြင်းသည် အာကာသ ခေတ် (Space Age) ၏ အစပြုမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် ဆိုဗီယက်အာကာသ ယာဉ်မှူး ယူရီဂါဂါရင် (Yuri Gagarin) သည် လူသားသမိုင်းတွင် ပထမဆုံးအကြိမ် အာကာသသို့ သွားရောက်နိုင်ခဲ့သူဖြစ်လာခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၏ Apollo အစီအစဉ်မှတစ်ဆင့် ၁၉၆၉ ခုနှစ်တွင် နီးလ်အမ်းစထရောင်း (Neil Armstrong) နှင့် ဘတ်ဇ် အောလ်ဒရင်း (Buzz Aldrin) တို့သည် လမျက်နှာပြင်ပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့ကြသည်။

ထိုခေတ်က အာကာသခရီးစဉ်များသည် နိုင်ငံတော်အစိုးရများ၏ သုတေသနနှင့် အမျိုးသား ဂုဏ်သိက္ခာဆိုင်ရာ စီမံကိန်းများသာဖြစ်ခဲ့ပြီး အများ ပြည်သူတို့အတွက် ထိတွေ့စိတ်ကူးယဉ်နိုင်သည့် အခွင့်အလမ်း မရှိသလောက်ဖြစ်ခဲ့ပါသည်။ အာကာသ ခရီးသွားလုပ်ငန်းအတွက် အရေးပါသောအပြောင်း အလဲတစ်ခုမှာ ၂၀၀၁ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် Dennis Anthony Tito သည် ရုရှားနိုင်ငံ၏ Soyuz အာကာသ ယာဉ်ဖြင့် နိုင်ငံတကာအာကာသစခန်း (International Space Station – ISS) သို့ သွားရောက်ခဲ့ပြီး ပုဂ္ဂလိကငွေကြေးဖြင့် အာကာသခရီးစဉ်ပြုလုပ်ခဲ့သည့် ပထမဆုံးသောခရီးသည်အဖြစ် မှတ်တမ်းဝင်ခဲ့ သည်။ ထိုအချိန်မှစတင်၍ အာကာသခရီးသွား လုပ်ငန်းသည် အစိုးရအခြေပြု အာကာသစူးစမ်းရေး ကဏ္ဍမှ ပုဂ္ဂလိကစီးပွားရေးခရီးသွားလုပ်ငန်းအသွင်သို့ပါ တဖြည်းဖြည်းချဉ်းကပ် ကူးပြောင်းလာခဲ့သည်။ လက်ရှိ ကမ္ဘာ့အာကာသခရီးသွားလုပ်ငန်းပုံစံကို လေ့လာကြည့်မည်ဆိုပါက အောက်ပါအနေအထား ပုံစံသုံးမျိုးကို တွေ့ရှိရမည်ဖြစ်ပါသည်-

(က) Suborbital Space Tourism။ ကမ္ဘာ့ပတ်လမ်း ကြောင်းအတွင်း အပြည့်အဝမဝင်ဘဲ အာကာသ နယ်နိမိတ်အနီးအထိ တက်ရောက်ပြီး ပြန်လည်ဆင်းသက်သည့် ခရီးစဉ်ဖြစ်ပါသည်။ ခရီးသည်များသည် မိနစ် အနည်းငယ်ကြာ ကမ္ဘာ့ဆွဲငင်အားမဲ့ အခြေအနေကို ခံစားနိုင်ပြီး ကမ္ဘာ့အပြင် ဘက်မှ ကမ္ဘာမြေကို ပြန်လည်ကြည့်ရှုနိုင်ကြမည်ဖြစ်ပါသည်။

(ခ) Orbital Space Tourism။ ဤပုံစံသည် ခရီးသည်များကို ကမ္ဘာ့ပတ်လမ်းကြောင်း အတွင်းသို့ ပို့ဆောင်ပေးပြီး အာကာသအတွင်း ရက်အတန်ကြာ နေထိုင်နိုင်စေသည့် ခရီးစဉ်ဖြစ်သည်။ ခရီးသည်များသည် အာကာသယာဉ်အတွင်း နေထိုင်ခြင်း၊ ကမ္ဘာမြေကိုအမြင့်မှ ကြည့်ရှုခြင်း၊ သိပ္ပံ စမ်းသပ်မှုများတွင် (အကန့်အသတ်ဖြင့်) ပါဝင်ခြင်းနှင့် ဆွဲငင်အားမဲ့အခြေအနေတွင် နေထိုင်မှုအတွေ့အကြုံများ ရရှိနိုင်ကြမည် ဖြစ်ပါသည်။

(ဂ) Lunar Tourism နှင့် Deep Space Tourism။ ဤလုပ်ငန်းသည် အနာဂတ်တွင် လပေါ်သို့ ခရီးသွားခြင်း၊ လပတ်လမ်းကြောင်းအတွင်း သွားရောက်ခြင်းနှင့် အခြားအာကာသလမ်း ကြောင်းများသို့ စူးစမ်းလေ့လာရေးခရီးစဉ်များ ပြုလုပ်နိုင်ရန် ရည်ရွယ်သည့် လုပ်ငန်း ကဏ္ဍဖြစ်ပါသည်။ လက်ရှိတွင် ယင်းလုပ်ငန်းများသည် သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စမ်း သပ်မှုအဆင့်များ၌သာ ရှိနေသေးသည်။

အာကာသခရီးသွားလုပ်ငန်း

အနာဂတ်တွင် အာကာသခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ အဆင့်မြင့်ဆုံးနှင့် နည်းပညာအခြေခံအကျဆုံးလုပ်ငန်းကဏ္ဍတစ်ခု ဖြစ်လာနိုင်သည်။ စူးစမ်းရှာဖွေလိုမှုနှင့် အသစ်၊ အသစ်သော ခရီးစဉ်များ၊ စိတ်လှုပ်ရှားဖွယ်ရာ ခရီးသွားလုပ်ငန်း အတွေ့အကြုံကို ရှာဖွေလိုသူများ အတွက် အာကာသခရီးသွားလုပ်ငန်းသည် နယ်ကုန်တွန်းလိုက်သည့် ခရီးသွားလုပ်ငန်းအမျိုးအစား Trend တစ်ခုဖြစ်လာမည်ဖြစ်ပါသည်။

ယနေ့အချိန်အထိ အာကာသခရီးသွားလုပ်ငန်းသည် စရိတ်စကအလွန်ကြီးမားခြင်း၊ ဘေးကင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများရှိခြင်းနှင့် လူအနည်းစုသာ လက်လှမ်းမီနိုင်ခြင်းတို့ကြောင့် အားလုံးပါဝင်နိုင်သော ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် မရောက်ရှိသေးပေ။

အာကာသခရီးသွားလုပ်ငန်းသည် ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခုတည်းအတွက်သာ အကျိုး ဖြစ်ထွန်းစေမည်မဟုတ်ဘဲ နည်းပညာ၊ အင်ဂျင်နီယာ ဘာသာရပ်၊ စက်မှုလုပ်ငန်း၊ ပညာရေးနှင့် သုတေသန လုပ်ငန်းများကိုပါ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေနိုင်ပါသည်။ လက်ရှိတွင်လည်း အာကာသခရီးသွား လုပ်ငန်းသည် ခရီးသွားလုပ်ငန်းဆိုသော ပုံစံထက် ယင်းသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍများအတွက်သာ အလေးသာလျက်ရှိနေပါသည်။

အာကာသခရီးသွားလုပ်ငန်းသည် အာကာသ ယာဉ်ထုတ်လုပ်ရေးနှင့် နည်းပညာလုပ်ငန်းများ တိုးတက်လာခြင်း၊ အာကာသခရီးသွားများအတွက် လေ့ကျင့်ရေး၊ နေရာထိုင်ခင်းနှင့် အထူးဝန်ဆောင်မှု လုပ်ငန်းများ ပေါ်ထွန်းလာခြင်း၊ အာကာသဆိုင်ရာ ပြတိုက်များ၊ ပြပွဲများနှင့် ပညာပေးခရီးစဉ်များ ဖွံ့ဖြိုး လာခြင်း၊ သိပ္ပံ၊ သုတေသနနှင့် နည်းပညာဆိုင်ရာ ပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခြင်းစသည့် ကြီးမားသောအကျိုးရလဒ်များကို ရရှိစေမည်ဖြစ်ပါသည်။

 အာကာသခရီးစဉ်များသည် ကုန်ကျစရိတ် အလွန်မြင့်မားခြင်း၊ ခရီးသည်များ၏ ဘေးကင်းလုံခြုံ ရေးဆိုင်ရာ ကိစ္စရပ်များရှိခြင်း၊ ဒုံးပျံလွှတ်တင်မှုများ ကြောင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိနိုင် ခြင်း၊ အာကာသအမှိုက် (Space Debris) များ တိုးပွားလာခြင်း၊ အာကာသကို လူတိုင်းတန်းတူ လက်လှမ်းမီနိုင်မှု မရှိသေးခြင်း၊ နိုင်ငံတကာဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် တာဝန်ယူမှုဆိုင်ရာကိစ္စရပ် များ ရှုပ်ထွေးခြင်း စသည့်ကြီးမားသောစိန်ခေါ်မှုများလည်း ရှိနေပါသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အာကာသစူးစမ်း လေ့လာရေးနှင့်ပတ်သက်၍ စိတ်ဝင်တစားကြိုးပမ်း ဆောင်ရွက်မှုများရှိလာသည်ကို တွေ့ရှိရပြီး အာကာသခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံ အတွက် လက်ရှိတွင် အလှမ်းဝေးနေသေးသော်လည်း အာကာသသိပ္ပံနှင့်နည်းပညာကဏ္ဍတွင် အခြေခံ အုတ်မြစ်များ တည်ဆောက်ရန် ကြိုးပမ်းမှုများကို တွေ့မြင်လာရပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် အာကာသနည်းပညာဆိုင်ရာလုပ်ငန်းများကို ပိုမိုစနစ်တကျဆောင်ရွက်နိုင်ရန် Myanmar Space Agency (MSA) ကို ဖွဲ့စည်းတည်ထောင်ထားပြီး ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အာကာသသိပ္ပံနှင့်နည်းပညာဆိုင်ရာ စီမံကိန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

 အာကာသနည်းပညာတိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဂြိုဟ်တုများ၊ ဒုံးပျံများ၊ နည်းပညာဆိုင်ရာ ပစ္စည်းများရှိရုံဖြင့် မလုံလောက်ပေ။ အရေးအကြီးဆုံးအချက်မှာ ထိုနည်းပညာများကို ကောင်းစွာ နားလည်၍ ထိရောက်စွာအသုံးချနိုင်မည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွက်လာရေးဖြစ်ပါသည်။ ထို့ကြောင့် အခြေခံပညာအဆင့်မှစတင်၍ လူငယ်များ၏ အာကာသသိပ္ပံဆိုင်ရာ စိတ်ဝင်စားမှုများကို မြှင့်တင်ပေးခြင်းသည် အနာဂတ်အာကာသ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံ မှုတစ်ခုဟု ဆိုရပေမည်။

အာကာသနည်းပညာသိကောင်းစရာပြပွဲများ

အခြေခံပညာ ကျောင်းသား ကျောင်းသူများအတွက် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများအပြင် အာကာသနည်းပညာသိကောင်း စရာပြပွဲများကိုလည်း ကျင်းပခဲ့ပါသည်။

အဆင့်အလိုက်ပြိုင်ပွဲများတွင် Space Dreams, Human and the Future Space, Applied Space Technology စသည်ဖြင့် အကြောင်းအရာခေါင်းစဉ် များပါဝင်သည်ကို တွေ့ရှိရပါသည်။ အာကာသပညာ ရပ်များကို ကလေးသူငယ်၊ လူငယ်လူရွယ်များ လက်ပွန်းတတီးရှိသည့် ကာတွန်း၊ ပန်းချီ၊ ပိုစတာ စသည့် စိတ်ကူးဉာဏ်ကွန့်မြူးနိုင်သော နယ်ပယ်များတွင် ပေါင်းစပ်ထည့်သွင်းပေးခြင်းဖြင့် ကလေးသူငယ်၊ လူငယ်လူရွယ်များ၏ သိပ္ပံဆိုင်ရာစိတ်ကူး စိတ်သန်းများကို ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးစေမည်ဖြစ်ပါ သည်။ အထူးသဖြင့် သိပ္ပံပညာနှင့် အနုပညာတို့ကို ပေါင်းစပ်သင်ကြားပေးသည့် STEAM Education (Science, Technology, Engineering, Arts and Mathematics) သဘောတရားသည် အနာဂတ်တွင် တီထွင်ဖန်တီးနိုင်စွမ်းရှိသောလူငယ်များ ပေါ်ထွန်း လာရေးအတွက် အရေးပါသည်။

အာကာသခရီးသွားလုပ်ငန်း၏ ဖြစ်ပေါ်တိုးတက်မှုကို လေ့လာကြည့်ပါက လူသားတို့၏ စူးစမ်း လေ့လာလိုစိတ်သည် နည်းပညာတိုးတက်မှုနှင့် ပေါင်းစပ်သည့်အခါ မဖြစ်နိုင်ဟုထင်မြင်ခဲ့သည့် အရာများကို လက်တွေ့ဖြစ်လာစေနိုင်ကြောင်း တွေ့မြင်ရသည်။ လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ် ကျော်က လူသားတစ်ဦးအာကာသသို့သွားရောက်နိုင်ခြင်းသည်ပင် အံ့ဩဖွယ်ရာဖြစ်ခဲ့သော်လည်း ယနေ့အခါ ငွေကြေး တတ်နိုင်သူများအတွက် အာကာသခရီးစဉ်များကို ဝယ်ယူနိုင်သည့် အခြေအနေအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အာကာသခရီးသွားလုပ်ငန်းကို ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ နောက်ထပ်စျေးကွက်တစ်ခုအဖြစ်သာ ရှုမြင်ရန်မသင့်ပေ။ အာကာသခရီးစဉ်များသည် နည်းပညာတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေးလုပ်ငန်းပုံစံသစ်များကိုပါ ပြောင်းလဲ စေနိုင်သည့် အလားအလာကောင်းတစ်ခုဟု ရှုမြင်သင့်လှသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အာကာသ ခရီးသွားလုပ်ငန်းကို ချက်ချင်းအကောင်အထည် ဖော်ရန်ထက် အာကာသသိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှုနှင့် အခြေခံအဆောက်အအုံ များ တည်ဆောက်ရေးကို ဦးစားပေးသင့်သည်။ အထူးသဖြင့် အာကာသနည်းပညာကို စိုက်ပျိုးရေး၊ သစ်တော၊ သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ်၊ ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးတို့တွင် လက်တွေ့အသုံးချနိုင်ရေးသည် မြန်မာနိုင်ငံ အတွက် ပိုမိုအရေးကြီးသော ဦးစားပေးလုပ်ငန်း ဖြစ်သည်။

ထို့အပြင် လူငယ်များ၏ အနုပညာနှင့် သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများကို ပေါင်းစပ် ဖော်ထုတ်ပေးနေသည့် အာကာသပန်းချီ၊ ကာတွန်း နှင့် ပိုစတာပြိုင်ပွဲများသည်လည်း အနာဂတ် အာကာသပညာရှင်များ ပေါ်ထွန်းလာရေးအတွက် အခြေခံကောင်းများ ဖြစ်လာနိုင်သည်။ သို့ရာတွင် ပြိုင်ပွဲများ ကျင်းပခြင်းတစ်ခုတည်းဖြင့် မလုံလောက်သေးပါ။ ကျောင်းသားများ၏ စိတ်ဝင်စားမှုကို သိပ္ပံ ပညာသင်ကြားရေး၊ နည်းပညာလက်တွေ့စမ်းသပ်မှု၊ သုတေသနလုပ်ငန်းများနှင့် တီထွင်ဖန်တီးမှုများအထိ ဆက်လက်ပျိုးထောင်ပေးရန် လိုအပ်သည်။ အာကာသနည်းပညာဖွံ့ဖြိုးရေးတွင် အရေးအကြီးဆုံးမှာ နည်းပညာပစ္စည်းများကို ပိုင်ဆိုင်ထားခြင်း ထက် ထိုနည်းပညာများကို တီထွင်နိုင်၊ နားလည်နိုင်၊ အသုံးချနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပိုင်ဆိုင်ထားခြင်းဖြစ်ပါသည်။

သိပ္ပံနည်းပညာဆိုင်ရာ တီထွင်မှုများ

ထို့ကြောင့် မြန်မာနိုင်ငံ၏ အာကာသအိပ်မက်ကို အကောင်အထည်ဖော်ရာတွင် ယနေ့ပြိုင်ပွဲဝင် နေကြသည့် ကလေးငယ်များ၏ အာကာသ အကြောင်းအရာများနှင့် သိပ္ပံဆိုင်ရာစိတ်ကူး စိတ်သန်းများက တစ်နေ့နေ့တွင် လက်တွေ့သိပ္ပံ နည်းပညာဆိုင်ရာ တီထွင်မှုများအဖြစ် ပြောင်းလဲ လာနိုင်ကြောင်း မျှော်လင့်နိုင်သည်။ လူသားတို့သည် တစ်ချိန်က ကောင်းကင်ရှိ လကိုမျှော်ကြည့်ရင်း အိပ်မက်များ မက်ခဲ့ကြသည်။ ယနေ့တွင် ထိုအိပ်မက်များကို သိပ္ပံနှင့် နည်းပညာတို့ဖြင့် အကောင်အထည်ဖော်နိုင်ခဲ့ကြပြီဖြစ်သည်။

အနာဂတ်တွင် ခရီးသွားလုပ်ငန်းဟူသည် ကမ္ဘာမြေပေါ်ရှိ တောင်တန်းများ၊ ပင်လယ်များနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာခြင်းတစ်ခုတည်းတွင် ရပ်တန့်နေတော့မည် မဟုတ်ပေ။ ကမ္ဘာ မြေ၏ အပြင်ဘက်သို့ ခြေဆန့်နိုင်မည့် အခွင့်အလမ်းများလည်း ပေါ်ထွန်းလာတော့မည်ဖြစ်သည်။ အာကာသသည် လူသားတို့၏ နောက်ဆုံးနယ်နိမိတ် တစ်ခုဖြစ်နိုင်သော်လည်း သိပ္ပံပညာ၊ စိတ်ကူး စိတ်သန်းနှင့် စူးစမ်းလိုစိတ်တို့အတွက်မူ နယ်နိမိတ်မရှိပေ။

ယနေ့ကလေးငယ်တစ်ဦး၏ ပန်းချီကားထဲတွင် မြင်တွေ့နေရသော အာကာသယာဉ်တစ်စင်း သည် အနာဂတ်တွင် သူကိုယ်တိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက်မည့် အာကာသယာဉ်တစ်စင်း ဖြစ်လာနိုင်သည်။ ထိုသို့သော အနာဂတ်မျိုးဆက် သစ်များကို ပျိုးထောင်ပေးနိုင်ခြင်းသည်ပင် မြန်မာနိုင်ငံ၏ အာကာသဖွံ့ဖြိုးရေးခရီးစဉ်အတွက် အရေးပါသော ပထမခြေလှမ်းတစ်ရပ် ဖြစ်လာပေသည်။ ။

မူရင်းသတင်း — Myanmar Digital News