
ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျရောက်မည့် အဆိုပါဆေးတက္ကသိုလ် (၁) ရန်ကုန်၏ နှစ် (၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းသည် နိုဝင်ဘာ ၁၅ ရက်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ ကျောင်းသား ကျောင်းသူဟောင်း ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးဆပ်ကော်မတီများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (၂)ရန်ကုန်နှင့် ဆေးဝါးတက္ကသိုလ်(ရန်ကုန်)တို့မှ ပါမောက္ခချုပ်များ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ရာပြည့်သဘင် ဖြစ်မြောက်ရေး ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများ၊ ကျောင်းသားကျောင်းသူဟောင်းများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သမိုင်းအစဉ်အလာကြီးမားသော ဆေးတက္ကသိုလ် (၁)ရန်ကုန်၏ ရာပြည့်သဘင်အခမ်းအနားကြီးအား ကျင်းပနိုင်ရန် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပြည်လမ်း ပရိဝုဏ်အတွင်း၌ ရှေးယခင်က တည်ရှိခဲ့သော လိပ်ခုံးပုံအဆောက်အအုံ (Multi-Purpose Assembly Hall)ကို ပြန်လည် ဆောက်လုပ်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး မူလသမိုင်းဝင် မှတ်တမ်းများနှင့် ပုံစံမပျက်စေဘဲ ခေတ်မီဆန်းသစ်သည့် အသွင်ဖြင့် အသံထိန်းစနစ်များကို ထည့်သွင်းကာ တည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၂၆ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။