Eleven Media Group

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ယနေ့အထိ မေးခွန်းများနှင့် အဆိုများ မေးမြန်းဆွေးနွေးမှု မလုပ်ရသေးသည့် လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးရှိ

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ယနေ့အထိ မေးခွန်းများနှင့် အဆိုများ မေးမြန်းဆွေးနွေးမှု မလုပ်ရသေးသည့် လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

ယနေ့(နိုဝင်ဘာ ၁၆ ရက်) က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၂၉)ရက်မြောက်နေ့၌ နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကနေ ဒီနေ့အထိ ကြည်ပွင့်ပြ ကြယ်ပွင့်မပြ မေးမြန်းတဲ့အခါမှာ အဆိုတင်သွင်းတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လုံးဝမလုပ်ရသေးတဲ့ လွှတ်တော်ကိုယ်စားလှယ် (၂၂) ဦး ကျန်ရှိနေကြောင်း စိစစ်တွေ့ရှိရပါတယ်။ အချိန်ရတစ်ခိုက် မိမိတာဝန်နဲ့ အခွင့်အရေးကို အမိအရ အသုံးချစေလိုကြောင်း ပြောကြားလိုပါတယ်" ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

ကမ္ဘာ့နိုင်ငံ အနှံ့ အပြားက လွှတ်တော်များတွင် လွှတ်တော်တစ်ရပ်၏ အောင်မြင်မှုကို စံနှုန်း (၁၀) ခုနှင့် တိုင်းတာသည်ဟု လေ့လာသိရှိရပါကြောင်း၊ ယင်းအချက်များသည် (၁)နိုင်ငံတော်နှင့် ပြည်သူ့အတွက် လိုအပ်သည့် ဥပဒေများ ပြဌာန်းနိုင်မှု၊ ပြင်ဆင်နိုင်မှု၊အကောင်အထည်ဖော်နိုင်မှု၊ ပြန်လည် သုံးသပ်နိုင်မှုစသည့် စက်ဝန်း၊ (၂) နိုင်ငံတော်နှင့် ထိရောက်စွာ ပေါင်းစပ်ဆောင်ရွက်နိုင်မှု၊ (၃) ပြည်သူ့သံ ပြည်သူ့ဆန္ဒကို ထိရောက်စွာ ကိုယ်စားပြုနိုင်မှု၊ (၄) ဘဏ္ဍာငွေဆိုင်ရာ စနစ်ကျ စီစစ် စီမံခန့်ခွဲနိုင်မှု၊ (၅) လုပ်ငန်း ကော်မတီများ၏ စွမ်းဆောင်ရည် မြင့်မားမှု၊ (၆) ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည် မြင့်မားမှု၊ (၇) ခေတ်မီ စနစ်နှင့် ပွင့်လင်း မြင်သာမှု၊ (၈)ကိုယ်စားလှယ် များ၏ စည်းကမ်းနှင့် ကျင့်ဝတ်ဆိုင်ရာ လိုက်နာမှု၊ (၉) နိုင်ငံတကာ ဆက်ဆံရေး ကျယ်ပြန့်မှုနှင့် စံနှုန်းများ၊ (၁၀) ပြည်သူ့ ယုံကြည်မှုနှင့် အကျိုးသက်ရောက်မှု စသည့်တိုဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က " ဒါတွေကို တိုင်းတာရမယ့် ပေတံတွေလို့ သတ်မှတ်ထားကြပါတယ်။ ကျွန်တော်တို့ လွှတ်တော် အနေနဲ့ ဒီ အချက်တွေကို ဘယ်၍ဘယ်မျှ ထိထိရောက်ရောက် အောင်မြင်အောင် ဆောင်ရွက်ပြီးပြီလဲ။ ဆောင်ရွက်ဖို့ ဘယ်လောက်လိုနေသေးလဲဆိုတာ ကိုယ်စားလှယ်တော်ကြီးများ ကိုယ်တိုင် အမှန်အတိုင်း ရှုမြင်သုံးသပ်ကြဖို့ ဖြစ်ပါတယ်။ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့တစ်တွေ တက်ညီလက်ညီနဲ့ဆက်ပြီး ကြိုးစားဆောင်ရွက်သွားကြဦးမယ်ဆိုတာ ပကတိအမှန်တရား ဖြစ်တယ်လို့ ဆိုချင်ပါတယ်" ဟု ပြောကြားသည်။

လွှတ်တော်အစည်းအဝေးများ ရပ်နားထားချိန်တွင် ကိုယ်စားလှယ်များအနေဖြင့် သွားလာနိုင်သည့် မဲဆန္ဒနယ်မြေများသို့ ကွင်းဆင်းပြီး မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့အသံများကို နားထောင်ဆွေးနွေးကြရန်လည်း တိုက်တွန်းလိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သွားလာရန်ခက်ခဲသည့် ဒေသများရှိပါက လူကိုယ်တိုင် မရောက်ရှိနိုင်သော်လည်း မီဒီယာနည်းလမ်းများမှတစ်ဆင့် ပြည်သူများနှင့် မဖြစ်မနေ ထိတွေ့ဆက်ဆံကြရန်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

ကွင်းဆင်းတွေ့ဆုံမှုများမှတစ်ဆင့် သိရှိရသည့် ပြည်သူ့အသံနှင့် ပြည်သူ့ဆန္ဒများကို လွှတ်တော်အတွင်း မေးခွန်းများ၊ အဆိုများအဖြစ် ပြန်လည်တင်ပြပြီး ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချကြရန်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက်တွင် စတင်ကျင်းပခဲ့ပြီး ယနေ့အထိ စုစုပေါင်း ၂၉ ရက် ကျင်းပခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group