Voice of Myanmar

မန္တလေးမှာ လုယက်၊ လူသတ်မှု ကျူးလွန်ခဲ့သူကို ဖမ်းဆီးရမိ

မန္တလေး၊ နိုဝင်ဘာ- ၁၆- ၂၀၂၆

SA(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်​တွေမှာ သေနတ်နဲ့ ပစ်ခတ်လုယက်မှုတွေ လူသတ်မှုတွေ ကျူးလွန်ခဲ့သူကိုဖမ်းမိပြီလို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ကျူးလွန်ခဲ့သူ တရားခံ နေလင်းအောင် အသက် ၂၇ နှစ်ကို ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် နေ့ မနက် ၁၁ နာရီအချိန်မှာ ပုသိမ် ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာအရှေ့ဘက်၊ စိုက်/မွေးသိပ္ပံကျောင်းရု့ တောင်ဘက် သရက်ခြံတောအတွင်းက လျှိုအတွင်းမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့သူကို သက်ဆိုင်ရာနယ်​မြေရဲစခန်းတွေမှာ ကျူးလွန်ခဲ့တဲ့ အမှုတွေအရ အမှုအသီးသီးနဲ့ အမှုဖွင့်အရေးယူခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူဟာ ပထမဆုံး ကျူးလွန်မှုကို ပြီးခဲ့တဲ့ အောက်တို ဘာလ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ လမ်း၊ ၁၁၃ လမ်းနဲ့ ၁၁၄ လမ်းကြားက ရှိုင်း Baby Store ဆိုင်ကို သေနတ် ၁ ချက်ပစ်ဖောက်ကာ ငွေ ၅ သိန်းကျပ်အား လုယက်ယူဆောင်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအကြိမ်ကျူးလွန်မှုကိုတော့ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ရွှေယဥ်မွန်ရပ်၊ ၅၈လမ်း ၊၃၂ လမ်းနဲ့ ၃၂ A လမ်းကြားက “Lwin ” ဖုန်းဆိုင်ကို ညနေ ၅ နာရီ ၅၈ မိနစ်မှာ အဲ့ဒီအမျိုးသားကပဲ သေ နတ်အတို(စီစစ်ဆဲ)နဲ့ (၂)ချက်ပစ် ခတ် ငွေတောင်းခံခဲ့ပြီး ဆိုင်အတွင်းက မှန်ကောင်တာထဲမှာရှိတဲ့ ဟန်းဆက် လက်ကိုင်ဖုန်း (၅)လုံးကို လုယူသွားခဲ့တာဖြစ်ပါတယ်။

တတိယအကြိမ်ကျူးလွန်းမှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ၊ ကားလမ်းဘေးမှာရှိတဲ့ ထာဝရ ဖုန်းဆိုင်ကို သေနတ်ပြ ခြိမ်းခြောက်ငွေတောင်းခံခဲ့တာမှာ မရရှိတာကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်မျိုးသန့်(၃၇)နှစ်ကို သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့လို့ ကိုအောင်မျိုးသန့်ဟာ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာရရှိသေဆုံးခဲ့ပြီး တရားခံကိုယ်တိုင်စီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ လိန်ပင်ကျေးရွာဘက်ကို ထွက်ပြေးသွားခဲ့တာကြောင့် ကိုအောင်မျိုးသန့် ရဲ့ ဦးလေးဖြစ်သူ ကိုမောင်(ခ)မိုးကျော်အောင်(၄၇)နှစ်နဲ့ ဦးပေလုံး(ခ)မင်းလွင်(၅၅)နှစ်တို့ ၂ ဦးဟာ တရားခံရဲ့ နောက်ကို MDY-12 2E-5457 TOYOTA CROWN ယာဉ်နဲ့ လိုက်ပါသွားခဲ့ပြီး လိန်ပင်ကျေးရွာ ရွာလယ်လမ်းအရောက်မှာ တရားခံက သူစီးလာတဲ့ ဆိုင်ကယ်ကို မော်တော်ယာဉ်ရှေ့ကို ထိုးရပ်ပြီး သေ နတ်နဲ့ ပစ်ခတ်ခဲ့ပြီး ယာဉ်ရှေ့ခန်းအတွင်းကို MG-1 လက်ပစ်ဗုံး ၁ လုံး ပစ်ပေါက်ခဲ့တာမှာ လက်ပစ်ဗုံးက ပေါက်ကွဲခဲ့ခြင်းမရှိလို့သေနတ်ဖြင့်ပစ်ခတ်ခဲ့တာမှာ ကိုမောင်(ခ) မိုးကျော်အောင်နဲ့ ဦးပေလုံး(ခ)မင်းလွင်တို့နှစ်ယောက်ဟာ ခန္ဓာကိုယ်ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

စတုတ္ထအကြိမ် ကျူးလွန်မှုမှာတော့ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်မှာ ပုသိမ်ကြီးမြို့ နယ်၊ လိန်ပင်ကျေးရွာ၊ ရွာလယ်လမ်းအနီးမှာနေတဲ့ မထက်ယုယုအောင် (၃၆)နှစ်ရဲ့ နေအိမ်ကို ကျူးလွန်သူက သေနတ်နဲ့ ခြိမ်းခြောက်ပြီး ၄၅ယ/၇၇၂၄၉ DAYANG ခဲ/နက်ရောင် ဆိုင်ကယ်ကို လုယက်ယူဆောင်ခဲ့ပြီး ရေကြည်ကျေးရွာဘက်ကို ဆက်လက် မောင်းနှင်ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပဥ္စမအကြိမ်က​တော့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ ပုသိမ်ကြီးမြို့ နယ်၊ ရန်ကင်းတောင်ကျေးရွာက မဇူးမြတ်နိုး(၁၉)နှစ် ပိုင်ဆိုင်တဲ့ အထင်ကရ ကုန်စုံဆိုင်မှာ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ငွေသိန်း ၄၀ ကျပ်ကို လုယက်ယူဆောင်ကာ သေနတ် ၁ ချက်ပစ်ဖောက်ပြိး ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူနေထိုင်တဲ့ ပုသိမ်ကြီးမြို့နယ်၊ အရှေ့ကန်ကောက်ရပ်ကွက်နေ ဦးကျော်ဆန်းရဲ့ နေအိမ်ကို သွားရောက်စစ်ဆေးခဲ့တာမှာ နေအိမ်အတွင်းကနေ ပစ္စတိုသေနတ်အိတ် ၁ အိတ်၊ စကားပြောစက် ၃ လုံး၊ ပြောက်ကျားကျည်ကာ ဦးထုပ် ၁ လုံး၊ ပြောက်ကျားအင်္ကျီ ၆ ထည်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံမှာ ဦးကျော်ဆန်းရဲ့ သားဖြစ်သူ အသက် ၂၇ နှစ်အရွယ် နေလင်းအောင် ဖြစ်တယ်လို့ သိရတာ​ကြောင့် လိုက်လံဖမ်းဆီးရာက ခုလိုဖမ်းမိခဲ့တာဖြစ်ပါတယ်။

မူရင်းသတင်း — Voice of Myanmar