
တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ဒရုန်းများ ပိုင်ဆိုင်ခြင်းနှင့် သိမ်းဆည်းထားခြင်းကို ပိတ်ပင်သည့်စည်းမျဉ်း နိုဝင်ဘာ ၁၅ ရက်တွင် စတင်အသက်ဝင်လာပြီဖြစ်သည်။
ယခုပိတ်ပင်မှုက ဧရိယာစတုရန်းကီလိုမီတာ ၁၆၄၀၀ ခန့် ကျယ်ဝန်းသည့် ပေကျင်းမြို့တစ်ခုလုံးအပေါ် သက်ရောက်မည်ဖြစ်ပြီး ဒရုန်းများ ပိုင်ဆိုင်ခြင်း၊ သိမ်းဆည်းထားခြင်းတို့အပြင် မြို့တော်လေပိုင်နက်အတွင်း ဒရုန်းပျံသန်းခြင်းနှင့် ဒရုန်းများနှင့် အစိတ်အပိုင်းများကို မြို့အတွင်းသို့ သယ်ဆောင်လာခြင်းတို့ကိုလည်း တားမြစ်ထားသည်။
ဒရုန်းပိုင်ရှင်များအနေဖြင့် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ မိမိတို့၏ ဒရုန်းများကို ရောင်းချခြင်း သို့မဟုတ် မြို့တော်ပြင်ပသို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ်ထားရသည်။
ရောင်းချလိုသူများကလည်း အာဏာပိုင်များက ခွင့်ပြုထားသည့် ပြန်လည်ဝယ်ယူရေးနေရာများ သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းများ ပြုလုပ်ကြရသည်။
ပေကျင်းသည် တရုတ်ဗဟိုအစိုးရ၊ ထိပ်တန်းခေါင်းဆောင်များနှင့် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဌာနချုပ်များတည်ရှိရာ နေရာဖြစ်ပြီး မြို့တော်၏ လုံခြုံရေးကို ကာကွယ်ရန် လိုအပ်သဖြင့် ချမှတ်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
လူဦးရေ ၂၂ သန်းခန့်ရှိရာ ပေကျင်းမြို့တွင် ဇွန်လအတွင်း အသေးစားလေယာဉ်ငယ်တစ်စင်းက မြို့၏အမြင့်ဆုံးအဆောက်အအုံဖြစ်သည့် CITIC Tower ကို ဝင်တိုက်ပြီးပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးပြီး လူ ၁၃ ဦး ဒဏ်ရာရခဲ့သည်။
ယင်းဖြစ်ရပ်အပြီး လေပိုင်နက်လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
ပေကျင်းတွင် ဒရုန်းရောင်းချမှုကို ၂၀၂၆ ခုနှစ် ၊ မေလကတည်းက ပိတ်ပင်ထားပြီး ဒရုန်းပိုင်ရှင်များအနေဖြင့် မိမိတို့၏ဒရုန်းများကို အာဏာပိုင်များထံ မှတ်ပုံတင်ထားရုံဖြင့် ဆက်လက်ပိုင်ဆိုင်ခွင့် ရှိခဲ့သည်။
သို့သော် ယခုစည်းမျဉ်းသစ်အရ ဒရုန်းပိုင်ဆိုင်ထားသူများကို ဒဏ်ငွေချမှတ်နိုင်သည်။ ဒရုန်းများကိုလည်း သိမ်းယူနိုင်သည်။
သို့သော် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ စိုက်ပျိုးရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ သိပ္ပံသုတေသနနှင့် အခြားအထူးရည်ရွယ်ချက်များအတွက် အသုံးပြုမည့် ဒရုန်းများကိုမူ သက်ဆိုင်ရာခွင့်ပြုချက်ဖြင့် ကင်းလွတ်ခွင့်ပေးမည်။
တရုတ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ဒရုန်းများကို အလွန်လူကြိုက်များလာပြီး အထူးသဖြင့် သဘာဝရှုခင်းများကို ဗီဒီယိုရိုက်ကူးရန် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။