MT News
၁၆. ၁၁. ၂၀၂၆
မန္တလေးတိုင်းဒေသကြီးရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ သေနတ်အားကိုးဖြင့် အမျိုးသားသုံးဦးအား ပစ်ခတ်သတ်ဖြတ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်များမှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ည ၆ နာရီ ၂၀ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ လမ်း၊ ၁၁၃ လမ်းနှင့် ၁၁၄ လမ်းကြားရှိ “ရှိုင်း” Baby Store ဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်၍ သေနတ် ၁ ချက်ပစ်ဖောက်ကာ ငွေ ၅ သိန်းကျပ်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ အောင်ပင်လယ်နယ်မြေရဲစခန်း (ပ)၁၆၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှူဖွင့်လှစ်ခဲ့သည်။
အလားတူနိုဝင်ဘာလ ၄ ရက်နေ့ ည ၆ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် ၅၈ လမ်း၊ ၃၂ လမ်း နှင့် ၃၂ လမ်း(A) လမ်းကြားရှိ Lwin Mobile Phone အရောင်းဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိလာပြီး ဆိုင်မှ ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ သေနတ် ၂ ချက် ပစ်ဖောက်ကာ မှန်ကောင်တာအားရိုက်ခွဲ၍ လက်ကိုင်ဖုန်းမျိုးစုံ ၅ လုံးအား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း (ပ)၁၁၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေးခဲ့ရသည်။
ထို့အတူ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင် ကျေးရွာ၊ ကားလမ်းဘေးရှိ “ထာဝရ” ဖုန်းဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်ငွေတောင်းခံရာ မရရှိသဖြင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်မျိုးသန့်(၃၇)နှစ်အား သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာ ကိုအောင်မျိုးသန့်တွင် ဦးခေါင်းကျည်ထိမှန် ဒဏ်ရာရရှိသေဆုံးခဲ့ပြီး တရားခံမှ ၎င်းစီးနင်းလာသည့် ဆိုင်ကယ်ဖြင့် လိန်ပင်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ကိုအောင်မျိုးသန့်၏ ဦးလေးဖြစ်သူ ကိုမောင်(ခ)မိုးကျော်အောင်(၄၇)နှစ်နှင့် ဦးပေလုံး(ခ)မင်းလွင်(၅၅)နှစ်တို့ ၂ ဦးမှ တရားခံ၏နောက်သို့ MDY-12 2E-5457 TOYOTA CROWN ယာဉ်ဖြင့်လိုက်ပါသွားခဲ့ရာ လိန်ပင် ကျေးရွာ ရွာလယ်လမ်းအရောက်၌ အဆိုပါအမျိုးသားမှ ၎င်းစီးလာသည့် ဆိုင်ကယ်အား မော်တော်ယာဉ် ရှေ့သို့ထိုးရပ်၍ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး ယာဉ်ရှေ့ခန်းအတွင်းသို့ MG-1 လက်ပစ်ဗုံး ၁ လုံးအား ပစ်ပေါက်ခဲ့ရာ လက်ပစ်ဗုံးမှာ ပေါက်ကွဲခဲ့ခြင်းမရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုမောင်(ခ) မိုးကျော်အောင်နှင့် ဦးပေလုံး(ခ)မင်းလွင်တို့နှစ်ဦးတွင် ခန္ဓာကိုယ်ကျည်ဖောက်ဝင်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း သတင်းအရ ပုသိမ်ကြီးမြို့မရဲစခန်း(ပ)၂၄၆၊ ၂၄၈ /၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့သည်။
အထက်ပါဖြစ်စဥ်များအပြင် နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ လိန်ပင်ကျေးရွာ၊ ရွာလယ်လမ်းအနီးနေသူ မထက်ယုယုအောင် (၃၆)နှစ်၏နေအိမ်သို့ အမျိုးသားတစ်ဦး ရောက်ရှိ လာပြီး သေနတ်ဖြင့်ခြိမ်းခြောက်၍ ၄၅ယ/၇၇၂၄၉ DAYANG ခဲ/နက်ရောင် ဆိုင်ကယ်အား လုယက် ယူဆောင်ခဲ့ပြီး ရေကြည်ကျေးရွာဘက်သို့ ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၂၄၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့်လည်းကောင်း၊နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင် ကျေးရွာရှိ မဇူးမြတ်နိုး(၁၉)နှစ်ပိုင်ဆိုင်သည့် “အထင်ကရ” ကုန်စုံဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိ လာပြီး သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေသိန်း ၄၀ ကျပ်အား လုယက်ယူဆောင်ကာ သေနတ် ၁ ချက် ပစ်ဖောက်၍ ထွက်ခွာသွားကြောင်း သတင်းအရ ပုသိမ်ကြီးမြို့မရဲစခန်း (ပ)၂၄၇/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂ ဖြင့်လည်းကောင်း သက်ဆိုင်ရာရဲစခန်းများ၌ အမှုအသီးသီးရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူ တရားခံအား ဖမ်းဆီးနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တရားခံအားဖမ်းဆီးနိုင်ရေး အခင်းဖြစ် နေရာများအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် ဒုစရိုက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်း ပေးပို့ချက်များနှင့် ပေါင်းစပ်၍ ကွင်းဆက်မပြတ်စုံစမ်းဆောင်ရွက်ခဲ့ရာ အမှုများအား တရားခံတစ်ဦးတည်းမှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် အခင်းဖြစ်နေရာအနီး၌ တရားခံစီးနင်း အသုံးပြုခဲ့သည့် ဆိုင်ကယ်နှင့် ဆိုင်ကယ်တူးဘောက်အတွင်းမှ ယာဉ်မှတ်ပုံတင်စာအုပ် ၁ အုပ်၊ ဆိုင်ကယ်ဝှီးတက် ၁ ခု၊ ဦးကျော်ဆန်းအမည်ပါ ယာဉ်မောင်းလိုင်စင်ကတ်ပြား ၁ ခု၊ ဆိုင်ကယ်ဘီးခွန် ၁ စောင်၊ လက်ပစ်ဗုံး စနစ်တံ ၁ ခု၊ ငွေစက္ကူရောရာ ၉၀,၀၀၀ ကျပ်တို့အားလည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ လိန်ပင် ကျေးရွာ၊ ရွာလယ်လမ်းအနီးနေ မထက်ယုယုအောင်ထံမှ လုယူသွားသည့် DAYANG အမျိုးအစား ဆိုင်ကယ်တစ်စီးအား ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာ ဇီးခြံအနီး လူသွားလမ်းပေါ်မှ လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ ယာဉ်မောင်းလိုင်စင်ကတ်ပြားပါ ပုသိမ်ကြီး မြို့နယ်၊ အရှေ့ကန်ကောက်ရပ်ကွက်နေ ဦးကျော်ဆန်း၏နေအိမ်အား သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်းမှ ပစ္စတိုသေနတ်အိတ် ၁ အိတ်၊ စကားပြောစက် ၃ လုံး၊ ပြောက်ကျားကျည်ကာ ဦးထုပ် ၁ လုံး၊ ပြောက်ကျားအင်္ကျီ ၆ ထည်တို့အား ထပ်မံသိမ်းဆည်းရမိခဲ့ကာ ပြစ်မှုကျူးလွန်သူ တရားခံမှာ ဦးကျော်ဆန်း၏သားဖြစ်သူ နေလင်းအောင် ဖြစ်ကြောင်းသိရှိရသဖြင့် တရားခံနေလင်းအောင် အား ပိတ်ဆို့ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှုများအား ကျူးလွန်ခဲ့သူ တရားခံ နေလင်းအောင်အား ဖမ်းဆီးရမိနိုင်ရေး စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာ အရှေ့ဘက်၊ စိုက်/မွေးသိပ္ပံကျောင်း၏တောင်ဘက် သရက်ခြံတောအတွင်းရှိ လျှိုအတွင်း၌ ပုသိမ်ကြီး မြို့နယ်၊ အရှေ့ကန်ကောက်ရပ်ကွက်နေ တရားခံ နေလင်းအောင်(၂၇)နှစ် (ဘ)ဦးကျော်ဆန်းအား ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် ZORAKI M 906-T အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံနှင့် ပုသိမ်ကြီးမြို့နယ် တို့၌ သေနတ်ဖြင့်ပစ်ခတ်၍ လုယက်မှုနှင့် လူသတ်မှုများ ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်း အသီးသီးတွင် အမှု ၆ မှုဖြင့် အမှုဖွင့်လှစ်အရေးယူထားရှိသူ တရားခံနေလင်းအောင်အား သက်သေခံ ပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး အလားတူပြစ်မှုများ ထပ်မံကျူးလွန်ထားခြင်း ရှိ/မရှိ အသေးစိတ်စစ်ဆေးလျက်ရှိကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။