
ဆူးငှက်
ရှုပ်လိုက်တဲ့ မြေ ——————- ၂၀၁၀ခုနှစ် အစိုးရမှ ၂၀၁၅ခုနှစ် အစိုးရအကူးအပြောင်းတွင် မန္တလေးမြေကိစ္စက အတော်ဂယက် ထခဲ့သည်။ ထိုဂယက်က အတော်နှင့် အရှိန်မသေ။ အစိုးရသစ်ထံ လွှဲပြောင်းမည့် ရက်မတိုင်ခင်ညအထိ မြေဂရန်ထုတ်ယူမှုများကို ပြန်လည် စိစစ် နေရသည်ဟူသော သတင်းတွေလည်း ရှိသည်။ ထိုဂယက် ထိုသတင်းများကြောင့် မန္တလေးမြို့တော် စည်ပင်က မြေဂရန် ထုတ်ပေးခြင်း ကိစ္စအဝအဝကို တိုင်းဒေသကြီး အစိုးရက ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ထိုပြဿနာကြား ကျွန်တော်တို့ သရက်ကုန်းက ကြားညပ်သွားခြင်း ဖြစ်သည်။ မဆီလေးရယ်တဲ့ အိုမဆိုင်ဟု ပြောရပေမည်။ ထိုသတင်းကို ကျွန်တော့် မိတ်ဆွေများရှိသည့် စည်ပင်ကော်မတီမှတဆင့် ကြားရပြီး “ဂရန်ပိတ်တာ ကြာနိုင်တယ်ဗျ၊ ကိုဆူးတို့ သရက်ကုန်းကိစ္စ ဝန်ကြီးချုပ်ဆီ စာတင်ပါလား” ဟုလည်း အကြံပေးသည်။ ထို့ကြောင့် ကျွန်တော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က မိတ်ဆွေဖြစ်သူ ဝန်ကြီးတစ်ယောက်ကို မေးမြန်းကြည့်တော့ သူကလည်း ဝန်ကြီးချုပ်ထံ စာတင်ဖို့ကိစ္စ သဘောတူပါသည်။ ထို့ကြောင့် ကျွန်တော်က ဝန်ကြီးချုပ်ထံ စာတင်လိုက်ရပြန်သည်။
စာကတော့ ထုံးစံအတိုင်း သရက်ကုန်းမြေ ဂရန်ချထားခြင်း ကိစ္စက ၂၀၁၅ခုနှစ်မှသာ အရေးပေါ် ချက်ချင်း ဂရန်ချထားသည့် မြေအမျိုးအစား မဟုတ်ကြောင်း၊ ၂၀၀၃ခုနှစ်ကတည်းက မတရား သိမ်းဆည်းခံရသည့် မြေကို အစိုးရအဆက်ဆက် တင်ပြပြီးမှ ၂၀၁၀ခုနှစ်တွင် စတင်၍ ဂရန်ချထားပေးလျှက်ရှိသည့် မြေဖြစ်ကြောင်း၊ ထို့ကြောင့် သရက်ကုန်းမြေကွက်များကို ဂရန်များ ဆက်လက်ချထားပေးပါရန် တင်ပြပါကြောင်း ကျွန်တော်လက်မှတ်ထိုး၍ တင်လိုက်သည်။ တိုင်းဒေသကြီး လွှတ်တော်နှင့် မြို့တော်ဝန်ထံသို့လည်း မိတ္တူပေးပို့ခဲ့သည်။ ကျွန်တော်သည် ဝန်ကြီးချုပ်ထံ တင်မည့်စာကို ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင် ပရင့်ထုတ်ရင်း တွေးတောနေမိသည်။ ၂၀၀၃ခုနှစ်ကတည်းက သရက်ကုန်းမြေနှင့် ပတ်သက်၍ တင်လိုက်ရသည့်စာက ၂၀၁၇ ခုနှစ်အထိ တင်ရဆဲမို့ စစ်နှင့်ငြိမ်းချမ်းရေး ဘာသာပြန် ဝတ္ထုကြီးလောက် ရှိရော့မည်။ အကယ်၍ ထိုစာများရေးရ ရိုက်ရသည့်အစား ဝတ္ထုရှည်ကြီး တစ်ပုဒ်ကိုသာ စိတ်အေးချမ်း ပျော်ရွှင်စွာ ရေးသား စာရိုက်ရလျှင် ဘယ်လောက်များ အကျိုးရှိလိုက်မလဲဟုလည်း တစ်ဆက်တည်း စဉ်းစားနေမိသည်။ ဒို့တိုင်းပြည်မှာ လောကပါလတရားထွန်းကားလျှင် အနုပညာဟူသော ပန်းပေါင်း တစ်ရာသာမက ပန်းပေါင်း ကုဋေကုဋာ ဝေဆာ ဖူးပွင့်ကာ အလှဆင်ပေလိမ့်မည်။
စာထပ်တင်ပါဦး ———————- ကျွန်တော်လည်း စာကိုတင်ပြီး ဘာများထူးခြားလေမလဲဟု စောင့်ကြည့် စောင့်နားထောင်သော်လည်း ဘာမှ ထူးခြား မလာသေးပေ။ သည်လိုနှင့် လချီ ကြာခဲ့ပါ၏။ တစ်ရက်တွင် မိတ်ဆွေဖြစ်သူ တိုင်းဒေသကြီး အစိုးရဝန်ကြီးနှင့် အပြင်မှာ တွေ့သောအခါ သူက သရက်ကုန်းမြေကိစ္စ စာတင်ဖြစ်လားဟု ကျွန်တော့်ကို သတိတရ မေးသည်။ ကျွန်တော်က လွန်ခဲ့တဲ့ ၂လလောက်ကတည်းက တင်ထားကြောင်း ပြောပြလိုက်တော့ သူက အံသြနေသည်။ ထိုစာက သူတို့ စာပွတွေပေါ် မတွေ့သေးလို့တဲ့။ ထိုအခါ သူက ကျွန်တော့်ကို တင်ခဲ့သည့်စာ မိတ္တူတောင်းသည်။ ကျွန်တော်က အိမ်ရောက်သည်နှင့် သူ့ရုံးခန်းသု့ိ ချက်ချင်း ပို့ပေးလိုက်သည်။ နောက်ရက်မှာ သူက ကျွန်တော့်ထံ ဖုန်းဆက်သည်။ ထိုစာက ဝင်စာဌာနကနေ ဘယ်မှ မပို့ဘဲ ထားတာတဲ့။ ဝန်ကြီးချုပ်ကို ကျွန်တော်ပို့ထားသည့် စာက ကြာနေကြောင်း ပြောပြမှ ဝန်ကြီးချုပ်က ဝင်စာဌာနကို လှမ်းမေးပြီး တောင်းရသတဲ့။
ဝန်ကြီးချုပ်က စာကိုဖတ်ပြီးသည်နှင့် နောက်ရက် နေ့လယ် ၁နာရီမှာ ဝန်ကြီးချုပ်ရုံးသို့ ကျွန်တော်ဦးဆောင်ပြီး ရပ်ကွက်က ရပ်မိရပ်ဖ ကိုယ်စားလှယ် ၁၀ယောက် လာခဲ့ဖို့ အကြောင်းကြားလိုက်ပါပြီ ဟု မိတ်ဆွေ ဝန်ကြီးက ဖုန်းဖြင့် သတင်းပေးခြင်းဖြစ်သည်။ ညနေရောက်သောအခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကတဆင့် ဖိတ်ကြားစာလည်း ရောက်လာသည်။ ထိုအခါ ကျွန်တော်လည်း နှုတ်က ပြောခြင်းထက် စာဖြင့် တင်ပြခြင်းက ပိုမို ထိရောက်သောကြောင့် သရက်ကုန်း မြေရာဇဝင်ကို အကျဉ်းချုပ် ပြုစုပြီး စာ ၂မျက်နှာပြုစုကာ အစောင် ၂၀လောက် မိတ္တူပွားထားလိုက်သည်။ နက်ဖြန် ဝန်ကြီးချုပ်နှင့် တွေ့လျှင် ဒီစာကို ပေးပြီး ပြောသင့်တာပဲ ပြောဖို့ ဖြစ်သည်။
မိုးပေါ်ကျ ခါတော်မီမဟုတ်ပါ ——————————- ဝန်ကြီးချုပ် ဖိတ်ခေါ်ထားသည့် အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်မိရပ်ဖများနှင့် ကျွန်တော်တို့ ၁၀ဦး ဝန်ကြီးချုပ်ရုံးသို့ သွားကြသည်။ တကယ်တော့ ၂၀၁၅ခုနှစ် အစိုးရသစ် တက်သောအခါ တိုင်းဒေသကြီးလွှတ်တော် တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် ကျွန်တော်မိတ်ဆွေအချို့ပါသော်လည်း ရုံးပြင်ကနားကိစ္စနှင့်ပတ်သက်၍ သူတို့နှင့် ထိတွေ့မှု မရှိခဲ့ပေ။ အစိုးရသစ်တက်ပြီးနောက် အရပ်ဖက်အဖွဲ့အစည်း ၆၀ကျော်နှင့် တွေ့ဆုံရာတွင်ပင် ကျွန်တော်တို့ စာရေးဆရာ အသင်းအဖွဲ့များ မပါသောကြောင့် မတွေ့ဆုံခဲ့ရဖူးပေ။ ထို့ကြောင့် ယခု ဝန်ကြီးချုပ်ရုံးသို့ လွှတ်တော်အဖြစ် ဖွင့်လှစ်စဉ်က သင်္ကြန်ကိစ္စအတွက် မြို့ခံပညာရှင်များနှင့် ဆွေးနွေးရန် လွှတ်တော်ဥက္ကဋ္ဌက ဖိတ်သောကြောင့် တစ်ခေါက်ပဲ ရောက်ဖူးသည်။ အခု ဝန်ကြီးချုပ်ရုံးအဖြစ် သီးခြားဖြစ်သောအခါ ယခုအခေါက် ရောက်ဖူးခြင်း ဖြစ်သည်။ ဝန်ကြီးချုပ်နှင့်လည်း အခုတစ်ခါပဲ မျက်နှာချင်းဆိုင် စကားပြောဖူးခြင်း ဖြစ်ပါသည်။ ထိုနေ့က ဖိတ်ကြားထားသည့် အချိန်ထက် နာရီဝက်ခန့်စောပြီး ကျွန်တော်တို့လည်း ဝန်ကြီးချုပ်ရုံး စည်းဝေး ခန်းမသို့ ရောက်နေသည်။ ဝန်ကြီးချုပ်က ချိန်းထားသည့် အချိန်အတိုင်း တိကျစွာဖြင့် အခန်းထဲ ရောက်လာ၏။ စည်ပင် မြေယာဌာနမှူး အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲတွေလည်း တက်ရောက်ကြသည်။ ဝန်ကြီးချုပ်က အတော် အလုပ်များပုံရသည်။ အချိန်ကိုလုပြီး ဒီအစည်းအဝေးကို တက်လာပုံရသည်။ ရောက်တာနှင့် ထိုင်ပြီး ရှေ့ ဖိုင်ကို ဖွင့်၍ စာကို ဖတ်သည်။ ထို့နောက် သူနှင့် အနီးဆုံးထိုင်နေသော ကျွန်တော့်ဖက်လှည့်ကာ “ ကဲ ဆရာဆူး၊ ဖြစ်စဉ်လေးပြောပါ၊ ကျွန်တော် ဘာလုပ်ပေးရမလဲ” ဟု မေးသည်။ ကျွန်တော်က အသင့်ယူဆောင်လာသည့် မြေရာဇဝင်အကြောင်း အနှစ်ချုပ်စာကို ဝန်ကြီးချုပ်လက်ထဲထည့်၍ ကျန်သည့် စာရွက်များကိုလည်း ဌာနဆိုင်ရာ အကြီးအကဲများထံ ဝေငှလိုက်သည်။
မတရားသိမ်းဆည်းဖို့ ကြံဆောင်ခဲ့ကြတဲ့ ———————————————- ကျွန်တော်က “ ၂၀၀၃ခုနှစ်ကတည်းက အာဏာရှင်အဆက်ဆက် မတရားသိမ်းဆည်းဖို့ ကြံခဲ့ ဖော်ဆောင် ခဲ့ကြတဲ့ ကျွန်တော်တို့ သရက်ကုန်းရပ်ကွက်မြေရာတွေကို ဆရာတို့ အစိုးရအဖွဲ့က အမှန်တရားအတိုင်း မူလပိုင်ရှင်များထံ ဂရန်များ တရားဝင် ဆက်လက် ချထားပေးဖို့ ရပ်ကွက်ကိုယ်စား ကျွန်တော်က တင်ပြတာပါဗျ” ဟုပဲ တိုတိုတုတ်တုတ် ပြောလိုက်သည်။ ဝန်ကြီးချုပ်က ကျွန်တော်ပေးထားသည့် စာကို ဖတ်ပြီး “ကျွန်တော်တို့လည်း ကျွန်တော်တို့ တာဝန်မယူခင်လေးတင် ချက်ချင်းမိုးပေါ်ကျ ရောက်လာတဲ့ ဂရန်တွေကိစ္စ စိစစ်ဖို့ လိုအပ်တာကြောင့် ဂရန်ချထားရေးတွေ ခေတ္တရပ်လိုက်တာပါ။ ဒီအထဲ ဆရာဆူးတို့လည်း ပါသွားတာပေါ့။ ဒီတော့ အခု ဆရာဆူးတို့ တစ်ရပ်ကွက်တည်းကိုပဲ ဂရန်ချထားရေး ပြန်လည် ဆောင်ရွက်ပေးဖို့ဆိုရင် ဆရာဆူးတို့ဖက်က တစ်ခုတာဝန်ယူပေးပါ။ ဆရာဆူးတို့ ဂရန်လျှောက်ထားတဲ့ မြေရာက အရှုပ်အရှင်းမရှိပါဘူးဆိုတာ ရပ်မိရပ်ဖ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ တာဝန်ယူပေးပါ။ ဂရန်လျှောက်ထားတဲ့ အကွက်ကို လာစစ်ချိန်မှာ ဒီကိုယ်စားလှယ်အဖွဲ့ကလည်း အရှုပ်အရှင်း မရှိပါကြောင်း လက်မှတ်ထိုးပေးပါ။ ဒါဆို ကျွန်တော်တို့ ဆက်ပြီး ဆရာဆူးတို့ ရက်ကွက်က ဂရန်တွေ ထုတ်ပေးပါမယ်” ဟု ရှင်းပြသည်။
အမြန်ဆုံး ဆောင်ရွက်ပေးမယ် ——————————— ထို့နောက် စည်ပင်မြေရာ ဌာနမှူးကလည်း ၂၀၁၄ခုနှစ်ကတည်းက သရက်ကုန်းကို ဂရန်ချထား ပေးလျှက် ရှိသည့် လုပ်ငန်းစဉ်ကို ဝန်ကြီးချုပ်ထံ ထောက်ခံ တင်ပြပေးသည်။ နောက်ဆုံး ဝန်ကြီးချုပ်က သရက်ကုန်း ဂရန်ချထားမှုကို တစ်ပတ်လျှင် ၂ရက် ကွင်းဆင်းပြီး အမြန်ဆုံး ဆက်လက် ဆောင်ရွက်ပေးရန် ညွှန်ကြားသည်။ ကျွန်တော့်ကိုလည်း “ ကျွန်တော်တို့ ဒိထက်မြန်အောင် ဆောင်ရွက်ပေးချင်ပါတယ်။ သို့သော် စည်ပင်သာမက လွှတ်တော် ကိုယ်စားလှယ် အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာများကလည်း ကွင်းဆင်းစစ်ဆေးရာမှာ ပါဝင်ရတာကြောင့် တစ်ပတ်ကို ၂ရက် ကွင်းဆင်း ဆောင်ရွက်ရတာပါ” ဟု ပြောသည်။
ဆက်၍ပြောသည်မှာ “ ဒီမှာရှိတဲ့ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိ သူတွေ ရှေ့မှာ ကျွန်တော်ပြောမယ် ဆရာဆူး၊ ဂရန်ကိစ္စဆောင်ရွက်ရာမှာ အစိုးရကို တရားဝင် ပေးဆောင်ရမယ့် အခွန်အခ ကြေးငွေကလွဲလို့ အပို တစ်ပြားမှ ပေးစရာမလိုပါဘူး၊ အကယ်၍ အပို တောင်းတယ် ပေးရတယ်ဆိုရင် ကျွန်တော့်ကို ပြောပါ” ဟု ဆိုကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။ အစည်းအဝေးက ဘာမှ မကြာလိုက်၊ ၁၅မိနစ်လောက်ပဲ ရှိမှာပေါ့။ ကျွန်တော်တို့လည်း ဝန်ကြီးချုပ် ရုံးက ဝမ်းမြောက်ဝမ်းသာ ပြန်ခဲ့ကြတော့သည်။
ကျွန်တော်တို့ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ရပ်ကွက်ခံ အမျိုးသမီးတစ်ဦးက “ဆရာ၊ အချိန်ရသေးတယ်၊ တခါတည်း ခရိုင် တရားရုံးကို သွားပြီး ကျမ်းကျိန်လွှာ ယူလိုက်ရအောင်၊ ဆရာ့မှာ စာရွက်စာတမ်းတွေပါတယ်မို့လား”ဟု ပြောသည်။ သူတို့က ရပ်ကွက်ထဲမှာ မြေကွက်တော်တော်များများ ပိုင်ဆိုင်ကြသောကြောင့် ဂရန်ပေါက် လျှောက်ထားခြင်း လုပ်ထုံးလုပ်နည်းတွေ သိရှိကျွမ်းဝင်နေကြသည်။ ကျွန်တော်ဖြင့် မြေဂရန်အတွက် ကျမ်းကျိန်လွှာကို တရားရုံးက ယူရမယ်ဆိုတာပင် မသိ။ သူတို့ ဦးဆောင်မှုဖြင့် ကျွန်တော်လည်း အချိန်က နေ့လယ် ၂နာရီပင် မထိုးသေးတာကြောင့် အုပ်စုလိုက်ကြီး ခရိုင်တရားရုံး သို့ ချီတက်လိုက်ကြတော့သည်။
တရားသူကြီးက ဒီနေ့ ရုံးမလာပါ ————————————— ခရိုင်တရားရုံးဆိုသည်က လမ်း၃၀ ဗထူးကွင်း အရှေ့ဘက်တွင် ရှိသည်။ မန္တလေးက ရုံးကြီးဟု ခေါ်ဝေါသည့် နေရာ ဖြစ်ပါ၏။ ခရိုင်တရားရုံးအပေါ်ထပ်မှာလည်း ရုံးကိစ္စဖြင့် လာရောက်သူတွေ ခြေချင်းလိမ်နေသည်။ ကျွန်တော်တို့လည်း ရုံးဝင်းအရှေ့ခြမ်းက ရှေ့နေရုံးခန်းတွေမှာ စာချုပ်တံဆိပ်ခေါင်းများနှင့် ကျမ်းကျန်လွှာများ အသီးသီးရိုက်ကြစဉ်မှာပဲ လူစုကွဲသွားသည်။ ကျွန်တော်က ကျွန်တော့်အိမ်နှင့် ကပ်ရက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံနှင့် အတူ စာချုပ်တွေရိုက်အပြီး ခရိုင်တရားရုံးအပေါ်ထပ်သို့ တရားသူကြီး လက်မှတ်ထိုးဖို့ တက်ကြရ၏။
လူများကို တိုးဝှေ့ပြီး တက်၍ တရားသူကြီးလက်မှတ်ထိုးပေးမည့် အခန်းတွင် စုံစမ်းသောအခါ ဒီနေ့ တရားသူကြီးက ရုံးသို့ လာဖြစ်မှာ မဟုတ်တော့၊ လေလံမောင်းထုရမည့် တစ်နေရာမှာရောက်နေသည်ဟု ရုံခန်းထဲရှိ စာရေးမလေး တစ်ယောက်က ဆီး၍ ပြောလိုက်၏။ ကိုင်း.. ပြန်ရုံပေါ့။ ထို့ကြောင့် နက်ဖြန်လာရင်ရော အဆင်ပြေလား ဆိုတော့ နက်ဖြန် ၁၀နာရီလောက် လာခဲ့ပါ သေချာပေါက်ရှိပါတယ်ဟု စာရေးမလေးက ပြောသည်။ ထို့ကြောင့် ပြန်ခဲ့ကြတော့၏။
ဆရာကလည်း ရိုးလိုက်တာ —————————– ဤသို့ဖြင့် နောက်ရက် ၁၀နာရီလောက် ခရိုင်တရားရုံးသို့ တစ်ခေါက်သွားကြရသည်။ တရားရုံးပေါ်မှာတော့ ထုံးစံအတိုင်း လူတွေ ပြည့်ကျပ်နေသည်။ ကျွန်တော်လည်း ကျမ်းကျိန်လွှာစာချုပ်လေးကိုင်ကာ တရားသူကြီး အခန်းပေါက်သို့ တိုးဝှေ့ကာ သွားသည်။ ရုံးခန်းအပေါက်မှာ မနေ့က ဝန်ကြီးချုပ် အစည်းအဝေးမှာပင် ကျွန်တော်နှင့်အတူ ရပ်မိရပ်ဖအဖြစ် လိုက်ပါလာသူ ရပ်ကွက်ထဲက မြေပိုင်ရှင် အမျိုးသမီး ၂ဦးကို တွေ့ရ၏။
သူတို့က ကျွန်တော့်ကို လက်ထဲမှာ ကျမ်းကျိန်လွှာစာရွက်နှင့် တွေ့တော့ အံ့သားတသင့်ဖြင့် “ဟာ ဆရာ၊ ကျမ်းကျိမ်လွှာက မနေ့ကတည်းက တရာသူကြီး လက်မှတ် မထိုးးလိုက်ရဘူးလား၊ ကျွန်မတို့တောင် မနေ့က ထိုးပြီးပြီ၊ ဒီနေ့ နောက်ထပ်မြေကွက်တွေအတွက် လာတာ” ဟု ပြောသည်။ ကျွန်တော်က သူတို့စကားကြောင့် မျက်မှောင် ကျုံ့သွားပြီး “ဟောဗျာ၊ ဒီအခန်းထဲက စာရေးမက ဒီနေ့တရားသူကြီးက လေလံမောင်းထုရှိလို့ မလာနိုင် တော့ဘူး၊ နက်ဖြန်မှ လာပါဆိုလို့ ကျွန်တော်လည်း ပြန်သွားတာ” ဟု ဖြေလိုက်၏။
အမျိုးသမီး ၂ယောက်က “ဟာ ဆရာကလည်း ရိုးလိုက်တာ၊ အလကားပြောတာ၊ တရားသူကြီးက ပြန်လာပါတယ်။ ကျမ်းကျိန်လွှာ တစောင်ကို ၂သောင်းပေးရတယ်၊ တခါတည်းလက်မှတ်ထိုးပေးလိုက်တာ၊ ကျွန်မတို့က လုပ်နေကျမို့ စောင့်ပြီး ထိုးလိုက်တာ၊ ပြီးပြီ။ အခု ဆရာ့ ကျမ်းကျိန်လွှာကို တရားသူကြီးစာပွဲမှာ ထပ်ထားပေးမယ်လေ၊ ဆရာ့အလှည့်ရောက်ရင် ပိုက်ဆံ ၂သောင်းကို အဆင်သင့်လုပ်ထားပြီး တရားသူကြီးရှေက စာရေးမလက်ထဲ ထည့်လိုက် ရုံပဲ။ တရားသူကြီးက မေးစရာရှိတာမေးပြီး လက်မှတ်ထိုးပေးလိုက်တာ ယူခဲ့ရုံပါပဲ” ဟု ပြောပြီး ကျမ်းကျိန်လွှာ စာရွက်ကို ယူသွားသည်။ ထို့နောက် ပြန်ထွက်လာကာ “ဆရာ တင်ခဲ့ပြီ၊ ဆရာ့နံမည်ကိုလည်း သေချာ ပြောခဲ့တယ်။ သူတို့ခေါ်ရင် ဝင်သွားရုံပါပဲ၊ ပိုက်ဆံတော့ အဆင်သင့် လုပ်ထားဆရာ၊ ကျွန်မတို့ အရှေ့ဘက်က အခန်း ခဏသွားလိုက်ချင်လို့” ဟု ပြော၍ ထွက်သွားကြသည်။ ကျွန်တော်လည်း ၅ထောင်တန်လေး ၄ရွက်ကို ညီနေအောင် ခေါက်ပြီး လက်ထဲကိုင်ထားကို ခေါ်မည့် အသံကို ဆူဆူညံညံ လူအုပ်ကြား နားစွင့်နေရ၏။
မြို့နယ်ရုံးသွားပါတဲ့ ———————— မကြာပါ။ ရုံးခန်းထဲက မနေ့က ပြောသည့် စာရေးမလေးပဲ လက်ထဲမှာ စာရွက်တရွက်ကိုင်ပြီး ထွက်လာသည်။ ထို့နောက် “ဦးကျော်ဆန်း၊ ဦးကျော်ဆန်း” ဟု ခေါ်လို့ ကျွန်တော်က “ဒီမှာ၊ ဒီမှာ” ဟု လက်မြှောက်ပြပြီး ရုံးခန်းထဲ ဝင်မယ်ပြုတော့ စာရေးမလေးက “အန်ကယ်၊ တရားသူကြီးက နောက်ကျမှာ၊ အန်ကယ် မြန်မြန်ရချင်ရင် မြို့နယ်ရုံးကိုပဲ သွားလိုက်ပါလား၊ အဲ့ဒီက ချက်ချင်းလုပ်ပေးလိုက်လိမ့်မယ်၊ ဒီမှာဆို အန်ကယ် တနေကုန်စောင့်နေရမျာ စိုးလို့ပါ” ဟု ပြောပြီး သူ့လက်ထဲက ကျွန်တော့်ကျမ်းကျိန်လွှာကို ပြန်ပေးသွားသည်။ ကျွန်တော်လည်း စာရွက်ကို ကိုင်ရင်း အူကြောင်ကြောင်ဖြစ်၍ ကျန်ရစ်သည်။
ထိုစဉ် စောစောက အရှေ့ဘက်အခန်း ခဏသွားဦးမယ်ဟု ဆိုသော အရပ်ထဲက အမျိုးသမီး၂ယောင် ကပြန်လာကာ ကျွန်တော့ကို မြင်တော့ မြို့နယ်ရုံးသွားရမှာတဲ့ဟု အကျိုးအကြောင်း ပြောပြတော့ ၂ယောက်သား အံ့သြသွားပြီး “သြော် ကျွန်မတို့ကလည်း ဆရာ့ကျမ်းကျိန်လွှာကို လက်မှတ်ထိုးတာ မြန်ချင်လို့ ဦးကျော်ဆန်းဆိုတာ စာရေးဆရာဆူးငှက်ပါလို့ ပြောလိုက်မိတာ ဆရာ၊ အဲ့ဒါ ပိုက်ဆံယူရ ခက်သွားလို့ ပုတ်ထုတ်လိုက်တာ၊ ပေးဆရာ ဆရာ့ကျမ်းကျိန်လွှာ၊ ပိုက်ဆံလည်း ကျွန်မကို တခါတည်း ပေးလိုက်တော့၊ ပြီးတော့ ဆရာလည်း ဒီနားမနေနဲ့တော့၊ ဟိုဘက် ခပ်လှမ်းလှမ်းမှာပဲ ရပ်နေလိုက်၊ ကျွန်မ ပြန်ဝင်ပြီး တခါတည်း ၂သောင်းပေးခဲ့မယ်၊ ကျွန်မခေါ်မှသာ ဆရာလာခဲ့တော့” ဟု ပြောသည်။ ကျွန်တော်လည်း သူ့ပြောသည့်အတိုင်း ကျမ်းကျိန်လွှာစာရွက်ပေး၊ ပိုက်ဆံပေးပြီး ရုံးခန်းပေါက် အရှေ့နားက လှေခါး အဆင်းနား သွားရပ်နေရတော့၏။
တော်သေး၊ ဝန်ကြီးချုပ်စကား နားမထောင်မိလို့ ————————————————– ခဏနေတော့ တရားသူကြီးလာပြီ၊ တရားသူကြီး လာပြီဆိုသော အသံကြောင့် ကြည့်လိုက်ရာ ကိုယ့်သမီး အရွယ်လေးမို့ ခေတ်ပညာတတ်လူငယ်လေးတွေ မည်သို့ပင် ခေတ်ပြောင်းသည် ဟု ကြွေးကြော်နေပါစေ၊ ယခင် ခေတ်အဆက်ဆက် တာဝန်ရှိ လူကြီးမင်းများကဲ့သို့ ဖဝါးခြေရာထပ် မသွေမတိမ်း နိုင်ငံ့တာဝန်ကို ဦးလည်မသုန် ထမ်းဆောင်နေကြပုံကို ကြည့်ပြီး မချိပြုံး ပြုံးရတော့သည်။ မနေ့က ဝန်ကြီးချုပ်၏ “ဂရန်ကိစ္စ ဆောင်ရွက်တဲ့အခါ အစိုးရကို တရားဝင် ပေးဆောင် ရမယ့် အခွန်အခတွေက လွဲလို့ အပိုမပေးပါနဲ့။ အကယ်၍ ပေးဆောင်ရရင် ကျွန်တော့်ကို ပြန်ပြောပါ” ဟူသော စကားကို ကြားယောင်မိသည်။
အခု ဝန်ကြီးချုပ် စကားကို နားထောင်ရမည်လား၊ အကယ်၍ နားထောင်ကာ အပိုမပေး၊ ပေးရကြောင်း တိုင်ကြားလိုက်ပါက ကျွန်တော်တို့ ရပ်ကွက် ဂရန်ချထားရေး ယန္တရားက စက်ဆီမပါသောကြောင့် ကျလိကျလိ မြည်ကာ ထိုးရပ်သွားတော့မည်။ ဘယ်သောအခါမှ ယန္တယားက ချောချောမောမော ပြန်လည် လည်ပတ်မည်ဆိုသည်က မသေချာတော့။ တဆက်တည်း စဉ်းစားမိသည်ကလည်း စာရေးဆရာဆိုသူများကလည်း နေရာတကာ မျက်နှာငယ်လှချည့်၊ အရေးပါ အရာရောက် အသုံးတည့်သည့် VIP မဟုတ်သည့် အပြင် အန္တရာယ်ကောင်တွေဖြစ်လို့ နေရာတိုင်းမှာ ပြန်ပေတော့ သွားပါဦးတော့တွေ ဖြစ်နေတော့သည်။ ကျွန်တော့်မှာ တောင်စဉ်ရေမရ တွေးနေဆဲ ရုံးခန်းအပေါက်မှ အရပ်ထဲက အမျိုးသမီးကလှမ်းခေါ်လို့ တရားသူကြီးစာပွဲရှေ့ ဝင်ထိုင်လိုက်သည်။ စာရေးမက စာပွဲစွန်းမှာ ထပ်ထားသည့် စာရွက်ထပ်ထဲက ကျွန်တော့် ကျမ်းကျိန်လွှာ စာရွက်ကို ယူပြီး တရားသူကြီး သမီးလေးရှေ့ ချပေးသည်။
တပြိုင်နက်ထဲ ကျွန်တော့်ကို အကျိုးဆောင်ပေးသော အရပ်ထဲက အမျိုးသမီးက ကျွန်တော်ပေးထားသည့် ၅ထောင်တန် ၄ရွက်အခေါက်လေးကို စာရေးမလေး မြင်အောင် စာပွဲအောက်ရှိ ဝါးခြင်းလေးထဲ ပစ်ထည့်လိုက်သည်။ တရားသူကြီး နံမည်မေး အဘနံမည်မေး မြေပိုင်တာ ဟုတ်တယ်နော်ဟု မေးပြီး လက်မှတ်ထိုးပေးသည်။ စာရေးမက တရားရုံး တံဆိပ်တုံးကို ဒုံးခနဲ ထုပေး လိုက်တော့သည်။ အောင်ပြီ။
ဆူးငှက်