Eleven Media Group

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးအတွင်း ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခုနှင့် ကြယ်ပွင့်ပြမဟုတ်သော မေးခွန်း ၁၄၀ ခုတို့ကို မေးမြန်းခဲ့ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးအတွင်း ကြယ်ပွင့်ပြမေးခွန်း (၁၁၇)ခုနှင့် ကြယ်ပွင့်ပြမဟုတ်သော မေးခွန်း ၁၄၀ ခုတို့ကို မေးမြန်းခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။

ယနေ့(နိုဝင်ဘာ ၁၆ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၈)ရက်မြောက်နေ့၌ တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"မေးခွန်းများ၊ အဆိုများနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၁၁၇ ခု နှင့် ကြယ်ပွင့်မပြ မေးခွန်း ၁၄၀ ခုတို့ကို မေးမြန်းခဲ့ပါတယ်။ ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက လာရောက်ဖြေကြားခဲ့ပြီး ကျန်မေးခွန်းများကို စာဖြင့်ဖြေကြားခဲ့ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အဆိုများနှင့်ပတ်သက်ပြီး ဆောင်ရွက်ချက်များအနေဖြင့် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သော အဆိုတစ်ခုနှင့် တတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သော အဆို နှစ်ခု စုစုပေါင်း အဆို သုံးခုကို တင်သွင်းဆွေးနွေး အတည်ပြုနိုင်ခဲ့ပါတယ်" ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောကြားသည်။

လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးကဏ္ဍမှာ နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးစီးပွားကို ရှေ့ရှုပြီး ဥပဒေကြမ်း စုစုပေါင်း လေးခုကို ဆွေးနွေးစိစစ် အတည်ပြုနိုင်ခဲ့ပါကြောင်း၊ နည်းဥပဒေဆိုင်ရာနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများကို စတုတ္ထအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့လာခြင်းကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြု၍ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ကာလအတွင်း နိုင်ငံတကာနှင့် ဆက်ဆံရေး လွှတ်တော်ချင်း ချစ်ကြည်ရေးကို ရှေ့ရှု၍ အမျိုးသားလွှတ်တော်နှင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန် လွှတ်တော်များနှင့် လွှတ်တော်ချင်း ချစ်ကြည်ရေးအသင်း ခြောက်သင်းကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။

ထို့အပြင် တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ လှူဒါန်းခြင်းအား လွှတ်တော်သို့ တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။

​တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၈) ရက်တာကာလအတွင်း အချိန်ကို အကျိုးရှိရှိသုံးချပြီး အပြုသဘောဆောင်သည့် ဆွေးနွေးအကြံပြုချက်များ ပေးခဲ့ကြ​သော ကိုယ်စားလှယ်များအားလုံးကို ထူးပဲကျေးဇူးတင်ဂုဏ်ပြုအပ်ပါကြောင်း၊ မိမိတို့ လွှတ်တော်အနေနှင့် ရှေ့ဆက်ပြီးလည်း ဥပဒေပြုရင်းနှင့် လွှတ်တော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး က ပြောကြားသည်။

တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ အစည်းအဝေး ၁၈ ရက် ကျင်းပခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group