
တတိယအကြိမ်အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ အစီအစဉ်ကို တွေ့လိုက်ရကတည်းက ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇) ဦးရဲရင့်စိုးညွှန့်က ဘကကျောင်းများမှ ဆရာ၊ ဆရာမများ လစာကိစ္စမေးမြန်းအုံးမှာပါလားလို့ ပြုံးမိပါတယ်။ ဒီကိစ္စက နစကအစိုးရလက်ထက် လွှတ်တော်မရှိခင်က ကျွန်တော်တို့ သတင်းသမားတွေအနေနဲ့ မေးမြန်းခဲ့ကြလို့ အနည်းငယ် လစာတိုးခဲ့ပါတယ်။
အမျိုးသားလွှတ်တော်က ၁၈ရက်မြောက်နေ့ အစီအစဉ်ကို တွေ့လိုက်ရကတည်းက ကိုယ်စားလှယ်တော်ကြီး က မေးခွန်းမမေးမီ၊ သာသနာရေးဝန်ကြီးဌာနက မဖြေကြားမီကတည်းက အဖြေကို ကြိုသိနှင့်နေပါတယ်။ လစာတိုးမြှင့်ပေးရန် အစီအစဉ်မရှိပါဘူး ဆိုတဲ့ အဖြေပဲ ရလိမ့်မယ်ဆိုတာကို ကြိုတင်တွက်ဆမိပါတယ်။
တကယ်တော့ မြန်မာပြည်ရဲ့ ပညာရေးဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများက စတင်ခဲ့တာဖြစ်ပါတယ်။ ယနေ့တိုင်အောင်လည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကနေ နိုင်ငံသားကောင်းပညာတတ် မြောက်များစွာကို မွေးထုတ်ပေးနေဆဲဖြစ်ပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအပေါ် ပညာရေးဝန်ကြီးဌာနဘက်က တာဝန်ရှိသူများကလည်း မလိုလားသလို သာသနာရေးကြီးဌာနဘက်ကလည်း အလေးမထားပါဘူး။
ပညာရေးဝန်ကြီးဌာနဘက်က သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရှိမနေတာက တစ်ကြောင်း၊ ဆရာတော် သံဃာတော်များ ပညာရေးမှာ ပါဝင်ဆောင်ရွက်တာကို မလိုလားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ပညာတတ် ပညာရေးဝန်ထမ်း အရာရှိဆိုသူများဟာ တခြားသော အစိုးရဝန်ကြီးဌာနက အရာရှိတွေထက်ကို မောက်မာပြီး အဂတိပြဿနာကြီးကြီးမားမား ရှိနေပါတယ်။ သာသနာရေးဝန်ကြီးဌာန ဘက်မှာလည်း ထိုနည်းတူစွာပါပဲ။ ဆရာတော် သံဃာတော်များကို ဘွဲ့တံဆိပ်ဆက်ကပ်တဲ့နေရာမှာတောင် မလိုလားအပ်တဲ့ ကိုယ်ကျိုးရှာလိုမှုကို ရှေးရှုလုပ်ဆောင်တာတွေကြောင့် ဆရာတော်တွေမှာ ဘွဲ့တံဆိပ်လက်ခံယူဖို့ရာမှာတောင် ရှက်ရွံ့စရာဖြစ်လာပါတယ်။ ကိုယ်ကျိုးသာ ရှေးရှုသူတွေ များနေတဲ့အတွက်ကြောင့် အများပြည်သူအကျိုး အလေးထားလုပ်ဆောင်ပေးဖို့ မေးမြန်းပြောဆိုမှုတွေဟာ အဆင်မပြေတာကပဲ များနေပါတယ်။
၁၆-၁၁-၂၀၂၆ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇) ဦးရဲရင့်စိုးညွှန့် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း -
သာသနာရေးဝန်ကြီးဌာန လက်အောက်ခံ သာသနာရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသော ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများမှ ဆရာ/ဆရာမများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးလျက်ရှိပါသည်။ ထောက်ပံ့ကြေးပမာဏ ကျောင်းအဆင့် (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) နှင့် အစိုးရ၏သတ်မှတ် ဘတ်ဂျက် / မူဝါဒအပေါ်မူတည်၍ နိုင်ငံတော်မှ သတ်မှတ်ကာလအလိုက်စီစဉ်ပေးလျက်ရှိပါသည်။ ၂၀၁၃-၂၀၁၄ ဝန်းကျင်တွင် တစ်နိုင်ငံလုံး၌ (ဘက) ကျောင်းပေါင်း ၁၆၀၀ ကျော် အထိ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင်မူ တရားဝင် ဖွင့်လှစ်နိုင်သည့် ကျောင်းပေါင်း ၁၃၈၀ ကျောင်းအထိ ကျောင်းပေါင်း ၂ဝဝ ကျော်ခန့်မှာ ဖွင့်လှစ်နိုင်ခြင်း မရှိတော့ဘဲ လျော့နည်းကျဆင်းသွား ကြောင်းသိရှိရပါသည်။ သို့ဖြစ်၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ (ဘက) ကျောင်းများ ရေရှည်တည်တံ့စေရန်နှင့် သင်ကြားရေးစွမ်းရည် မြင့်မားလာစေရန်အတွက် လစဉ် ဆရာ/ဆရာမ ထောက်ပံ့ကြေး ကြေးငွေများကို ဘဏ္ဍာရေးနှစ်အလိုက် တရားဝင်ခွဲဝေပံ့ပိုးပေးလျက်ရှိပါသည်။ မူလတန်းပြ ဆရာ/ဆရာမ တစ်ဦးလျှင် လစဉ် (၅၇,ဝဝဝ ကျပ်)၊ မူလတန်းလွန်နှင့် အလယ်တန်းပြ ဆရာ/ဆရာမ တစ်ဦးလျှင် လစဉ် (၆၄,၅၀၀ကျပ်) ၊ အထက်တန်းပြ ဆရာ/ဆရာမ တစ်ဦးလျှင် (၇၀,၅၀၀ကျပ်) ထောက်ပံ့လျက်ရှိကြောင်း သိရှိရသည့်အတွက် ယနေ့အချိန်တွင် ကုန်ဈေးနှုန်းအနေအထားနှင့် ကိုက်ညီအောင်ထောက်ပံကြေးတိုးမြှင့်ပေးနိုင်မှု ရှိ/မရှိ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုပြန်ကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့်လွှတ်တော်သို့ မေးမြန်းတင်ပြအပ်ပါသည်။

သာသနာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလင်းအောင် ၏ ဖြေကြားချက်ကတော့ -
သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနအနေဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ စာပေသင်ကြားနေသော ဆရာ/ဆရာမများအား ကျောင်းသားဦးရေပေါ်မူတည်၍ လစဉ်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးလျက်ရှိပြီး ထောက်ပံ့ငွေများကို ခေတ်ကာလနှင့်အညီ တိုးမြှင့်ထောက်ပံ့ခဲ့မှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ၂၀၁၃ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆရာ/ဆရာမထောက်ပံ့ငွေ နှုန်းထား-
(၁) မူလတန်း - ၃၆၀၀၀ ကျပ်
(၂) မူလတန်းလွန် - ၄၁၀၀၀ ကျပ်
(၃) အလယ်တန်း - ၄၁၀၀၀ ကျပ်
(၄) အထက်တန်း - ၄၅၀၀၀ ကျပ်
(ခ) ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ ဆရာ/ဆရာမ ထောက်ပံ့ငွေနှုန်းထား-
(၁) မူလတန်း - ၃၈၀၀၀ ကျပ်
(၂) မူလတန်းလွန် - ၄၃၀၀၀ ကျပ်
(၃) အလယ်တန်း - ၄၃၀၀၀ ကျပ်
(၄) အထက်တန်း - ၄၇ဝဝဝ ကျပ်
(ဂ) ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ယနေ့အထိ ဆရာ/ဆရာမထောက်ပံ့ငွေ နှုန်းထား-
(၁) မူလတန်း - ၅၇၀၀၀ ကျပ်
(၂) မူလတန်းလွန် - ၆၄၅၀၀ ကျပ်
(၃) အလယ်တန်း - ၆၄၅၀၀ ကျပ်
(၄) အထက်တန်း - ၇၀၅၀၀ ကျပ်
သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနအနေဖြင့် အထက် ဖော်ပြပါအတိုင်း တိုးမြှင့်ထောက်ပံ့ခဲ့ရာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပမာဏအား ခွင့်ပြုချထားပေးပြီးဖြစ်ပါသဖြင့် တိုးမြှင့်ထောက်ပံ့ပေးနိုင်ခြင်း မရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ပညာရေးဝန်ကြီးဌာနသည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ရေရှည်တည်တံ့စေရန်နှင့် သင်ကြားရေးစွမ်းရည်မြင့်မားလာစေရန်အတွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အားလုံးအား အခြေခံပညာကျောင်းများနည်းတူ ကျောင်းဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ(School Improvement Fund-SIF) များကို ကျောင်းအဆင့်အလိုက် ကျောင်းသားဦးရေအပေါ် မူတည်၍ နှစ်စဉ် ခွဲဝေပေးလျက်ရှိပါသည်။ ထို့အပြင် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများ၊ သင်ထောက်ကူပစ္စည်းများနှင့် ဆရာ၊ ဆရာမများအတွက် ဆရာလမ်းညွှန်စာအုပ်များကို အခြေခံပညာကျောင်းများနည်းတူ နှစ်စဉ် အခမဲ့ထောက်ပံ့ပေးလျက်ရှိပါသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် သင်ကြားနေသည့် ဆရာ၊ ဆရာမများ အရည်အသွေးပိုမိုမြင့်မားလာစေရန်အတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ဘာသာရပ်မွမ်းမံသင်တန်းများနှင့် စနစ်သစ်သင်ရိုးညွှန်းတမ်းသင်တန်းများကိုလည်း အခြေခံပညာ ဆရာ၊ ဆရာမများနည်းတူ တက်ရောက်နိုင်ရန် နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့်လည်း ဌာန၊ အဖွဲ့အစည်းများသို့ အသုံးစရိတ်ခွဲဝေချထားပေးရာတွင် နိုင်ငံတော်၏ ရငွေနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအပေါ်မူတည်၍ ခွဲဝေချထားပေးရခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ခြင်းကြောင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်သည့် အသုံးစရိတ်များကို သုံးစွဲနေရသည့်အပြင် လက်ရှိအချိန်တွင် နိုင်ငံတော်၏ မူဝါဒများအရ ကုန်ထုတ်လုပ်မှု တိုးမြင့်လာစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ဦးစားပေးကဏ္ဍအလိုက် သတ်မှတ်ပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယင်းသို့ ဆောင်ရွက်ပေးခြင်းသည် ရေရှည်တွင် ကုန်ဈေးနှုန်းတိုးမြင့်လာမှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/ဆရာမများအပါအဝင် ပြည်သူများစားဝတ်နေရေး အသင့်အတင့် ချောင်လည်လာစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သောကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ/ဆရာမများ၏ လစဉ်ထောက်ပံ့ကြေးတိုးမြှင့်မှုအားလတ်တလောအနေဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည် ဖြေကြားအပ်ပါသည်။
သာသနာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလင်းအောင် ၏ ဖြေကြားချက်အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး ဦးရဲရင့်စိုးညွန့်က ဆက်စပ်မေးခွန်းအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်ပါ နိုင်ငံသားအခွင့်အရေးကို ထောက်ထားပြီး ဘကကျောင်း ဆရာ၊ ဆရာမတွေ ရဲ့ လစာဟာ ပညာရေးဝန်ကြီးဌာနလက်အောက်က ကျောင်းဆရာ၊ ဆရာမများရဲ့ အပိုဆောင်းလစာလောက်တောင် မရှိတာကို ထောက်ပြပြောဆိုပြီး ဆက်စပ်မေးခွန်းမေးမြန်းသွားခဲ့ပါတယ်။
ဒီမေးခွန်းနဲ့ ဒီအဖြေအပေါ်မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့လည်း သဘောကျပုံမရပါဘူး။ ဒုဝန်ကြီးအနေနဲ့ လွှတ်တော်အတွင်းမှာ လာရောက်ဖြေကြားတဲ့အခါ လုပ်မပေးနိုင်သေးဘူးဆိုသော်လည်းပဲ ဒါဟာထည့်သွင်းစဉ်းစားသင့်တယ်လို့ အကြံပြုချင်ပါတယ် ဆိုပြီး ဖြည့်စွက်တိုက်တွန်း ပြောကြားရသည်အထိ ဖြစ်ခဲ့ပါတယ်။
သာသနာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလင်းအောင် ရဲ့ ဖြေကြားချက်မှာ ပါဝင်တဲ့ ခေတ်ကာလနှင့်အညီ တိုးမြှင့်ထောက်ပံ့ခဲ့မှု ၂၀၁၃ ခုနှစ်၊ ဇွန်လမှ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ယနေ့အထိ ဆိုတဲ့ နှုန်းထားများကို ပြန်လည်ဆန်းစစ်ကြည့်ရင် ဘကကျောင်းဆရာ၊ ဆရာမတွေရဲ့ လစာဟာ ကလေးမုန့်ဖိုးသာသာပဲ ရှိပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ လိုအပ်ချက်ကို ဆရာတော်သံဃာတော်များကပဲ ဖြည့်ဆည်းပေးနေရဆဲဖြစ်ပါတယ်။
အမှန်တကယ်တော့ ဘကကျောင်းဆိုတာတွေဟာ စနစ်တကျအဆင့်မြှင့်တင်မယ်ဆိုရင် တိုင်းပြည်နဲ့ လူမျိုးအတွက် အဓိကဒေါက်တိုင် ဖြစ်လာမှာပါ။ ဘကကျောင်းဆိုတာ ပညာရေးဝန်ကြီးဌာန လက်အောက်ခံကျောင်းတွေထက် ပိုပြီး အဆင့်မြင့်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကို ပညာရေးတစ်ခုတည်းသာမက ဘာသာရေးအသိပညာကိုပါ ဖြည့်ဆည်းပေးနိုင်တဲ့ ကျောင်းများဖြစ်ပါတယ်။ ဒီကျောင်းတွေက ထွက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ပညာရေးဝန်ကြီးဌာနလက်အောက်ခံကျောင်းများ၊ အင်တာနေရှယ်ကျောင်းများက ထွက်လာတဲ့ ကျောင်းသား၊ ကျောင်းသူတွေထက် တိုင်းပြည် လူမျိုး ဘာသာ သာသနာအပေါ်မှာ အလေးထားတဲ့ လူငယ်လူရွယ်တွေအဖြစ် မြင်တွေ့ရပါတယ်။
ဘကကျောင်းတွေ အဆင့်မြှင့်တင်နိုင်ဖို့ သာသနာရေးဝန်ကြီးဌာနကလည်း အလေးမထားသလို ပညာရေးဝန်ကြီးဌာနဘက်က ပညာရေးဆိုင်ရာ စီမံခန့်ခွဲခွင့်ရှိသူတွေကလည်း မလိုလားတဲ့ အခြေအနေမျိုး ဖြစ်လာခြင်းဟာ တိုင်းပြည်ကို ဖျက်ဆီးခြင်းဖြစ်သလို အမျိုး၊ ဘာသာ၊ သာသနာအပေါ်မှာ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူတွေရဲ့ အလေးထားမှုတွေ တနေ့တခြားလျော့ကျလာနေတာကို အထင်အရှား ပြဆိုနေခြင်းပဲ ဖြစ်ပါတယ်။
သာသနာရေးနဲ့ ပညာရေးဆိုင်ရာ စီမံခန့်ခွဲခွင့်ရှိသူတွေရဲ့ အလေးထားမှုမရှိတော့သည့်တိုင်အောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဟာ ပျောက်ပျက်သွားလို့မရပါဘူး။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ လိုအပ်ချက်တွေကိုလည်း မျက်ကွယ်ပြုလို့ မရပါဘူး။ ဒါကြောင့် သာသနာရေးဝန်ကြီးဌာနက အလေးမထား၊ ပညာရေးဝန်ကြီးဌာနက မလိုလားတဲ့ ဘကကျောင်းများရဲ့ ပညာရေးအရှည်တည်တံ့ဖို့ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဘကကျောင်းများကို ကူညီပံ့ပိုးနိုင်သူများက ပိုမိုအလေးထား ကူညီပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံ တင်ပြလိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
#News #Myanmar