
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ Patong အရပ်တွင် နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက ဆိုင်ခန်းတွဲအဆောက်အအုံတစ်ခု မီးလောင်ခဲ့ရာ လူ ၁၁ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရသူအများစုမှာက မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့်ဖြစ်သည်။
ကနဦးစစ်ဆေးချက်များအရ အဆောက်အအုံမြေညီထပ်ရှိ ထရန်စဖော်မာပေါက်ကွဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖူးခက်အုပ်ချုပ်ရေးမှူး ချိုတနာရင် ခတ်ဆမ်က ပြောကြားသည်။
မီးစတင်လောင်ကျွမ်းသည့် မြေညီထပ်တွင် မော်တော်ဆိုင်ကယ် အငှားလုပ်ငန်းတစ်ခုရှိပြီး ဆိုင်ကယ်များတွင် လောင်စာဆီအများအပြားရှိသည့်အပြင် ချောဆီများလည်း သိုလှောင်ထားသဖြင့် မီးလောင်ကျွမ်းမှု ပိုမိုပြင်းထန်စေခဲ့ကြောင်း ၎င်းကဆိုသည်။
မီးခိုးထူထပ်လွန်းသဖြင့် မီးသတ်သမားများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် အဆောက်အအုံအတွင်း ဝင်ရောက်ကယ်ဆယ်ရာတွင် မျက်နှာဖုံးများနှင့် အောက်ဆီဂျင်အိုးများ အသုံးပြုခဲ့ရသည်။
တတိယထပ်တွင် အလောင်းတစ်လောင်း၊ စတုတ္ထထပ်တွင် ခုနစ်လောင်းနှင့် ပ ဉ္စမထပ်တွင်သုံးလောင်း တွေ့ရှိခဲ့သည်။
ရဲအရာရှိတစ်ဦးက မီးကို အပြည့်အဝထိန်းချုပ်နိုင်ရန် နှစ်နာရီခန့် ကြာမြင့်ခဲ့ပြီး သေဆုံးသူများတွင် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပါဝင်ကြောင်း AFP ကိုပြောသည်။
ထိုင်းနိုင်ငံတွင် ဘားနှင့်နိုက်ကလပ်ကဲ့သို့ လူစည်ကားသည့်နေရာများ၏ ဘေးကင်းလုံခြုံရေး စည်းမျဉ်းများနှင့်ပတ်သက်၍ ကာလရှည်ကြာ စိုးရိမ်မှုများရှိနေခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်တွင်လည်း ဘန်ကောက်ရှိ လူစည်ကားသည့်ဘားတစ်ခုတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကာ လူ ၄၀ ခန့် သေဆုံးခဲ့သည်။
Photo: The Phuket Express / The Pattaya News