Myanmar Digital News

မော်လမြိုင်- ရေး- ထားဝယ်- မြိတ်လမ်းပိုင်း၌ အဘစ်တံတား တည်ဆောက်လျက်ရှိ

မော်လမြိုင် နိုဝင်ဘာ ၁၆

 

မော်လမြိုင်- ရေး- ထားဝယ်- မြိတ် လမ်းပိုင်းရှိ မိုင် (၃၂/၂- ၃၂/၃)တွင် သံကူကွန်ကရစ် ပေ ၂၀၀ အရှည်ရှိ အဘစ်တံတားကို တည်ဆောက်လျက်ရှိသည်။

 

အဆိုပါတံတား တည်ဆောက်နေမှုကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစဉ် လမ်းပန်းဆက်သွယ်ရေးချောမွေ့စေရေးအတွက် တံတားရေရှည်တည်တံ့ခိုင်မြဲအောင် စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကို  အထူးအလေးထား ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့အတူ ဝင်းဖနုံတံတားကို အရှည်ပေ ၁၈၀ သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုမှတစ်ဆင့် မုဒုံမြို့နယ်ရှိ ဝင်းဖနုံဆည်၌ လက်ရှိရေသိုလှောင်ထားရှိမှု၊ ကန်ရေပြည့်အမှတ် အခြေအနေ၊ ဆည်ရေပိုလွှဲမှတစ်ဆင့် စနစ်တကျ ရေထုတ်လွှတ်နေမှုနှင့် ဆည်ကြံ့ခိုင်ရေး ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ Nobeline Myanmar Co., Ltd. က တာဝန်ယူ တည်ဆောက်လျက်ရှိသည့် RCC နှစ်ထပ် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာရှိ ဝက်မွေးမြူရေးခြံ၌ DY မျိုးဝက်မကောင်ရေ ၂၅၀၊ ဝက်သိုး ၁၈ ကောင်၊ ဝက်ငယ်ကောင်ရေ ၁၆၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

စည်သူ(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News