
စော(NP News)- နိုဝင်ဘာ ၁၇
တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များ၏ နေ့သင်တန်း ကျောင်းအပ်လက်ခံခြင်းကို လာမည့် (၂)ရက်မှစတင်၍ ပိတ်ရက်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါဦးစီးဌာနရှိ တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များ၏ နေ့သင်တန်းအားလုံးကို လာမည့် (ဒီဇင်ဘာ ၁ရက်)နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဖွင့်လှစ်မည်ဖြစ်၍ လာမည့်(နိုဝင်ဘာ ၁၉ရက်)နေ့မှစတင်ကာ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် သက်ဆိုင်ရာ တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များ၏ ပထမနှစ်ဝင်ခွင့်များကို www.moe.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ်အချို့၌ ကျောင်းအပ်နှံခြင်းနှင့် ငွေသွင်းခြင်း လုပ်ငန်းစဉ်များကို အွန်လိုင်းမှတစ်ဆင့် စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။