


နေပြည်တော်၊ နိုဝင်ဘာ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဩဝါဒခံယူပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ဩဝါဒစကားပြောကြားရာတွင် နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဆရာ၊ ဆရာမလောင်းများကို လက်တွေ့လုပ်ငန်းခွင်မဝင်မီ ယခုကဲ့သို့ တွေ့ဆုံပြီး အမှာစကားပြောကြားရသည်ကို ဝမ်းသာပီတိဖြစ်ရကြောင်း၊ ထို့အပြင် မောင်တို့၊ မယ်တို့၏ အခြေခံပညာရေးကစပြီး ဘွဲ့ရရှိသည်အထိ ပညာရေးခရီးစဉ်တစ်လျှောက် လမ်းညွှန်သင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးကို အားပေးပံ့ပိုးပေးခဲ့ကြသည့် မိဘအုပ်ထိန်းသူများကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း။
ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့သည် ဆရာအတတ်ပညာရေးနယ်ပယ်တွင် ရှည်လျားသည့် သမိုင်းအစဉ်အလာကောင်းများနှင့် ဂုဏ်သတင်းမွှေးသည့် တက္ကသိုလ်များလည်းဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ယင်းတက္ကသိုလ်နှစ်ခုသည် နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများကို နှစ်စဉ်မပြတ် မွေးထုတ်ပေးနိုင်ခဲ့သည့် အရေးပါသော စွမ်းဆောင်မှုများအတွက်လည်း အသိအမှတ်ပြုဂုဏ်ယူကြောင်းကို ပြောကြားလိုကြောင်း။
ပညာရေးတက္ကသိုလ်များအနေဖြင့်လည်း ဆရာအတတ်သင်ပညာရေးအရည်အသွေးမြှင့်တင်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဉာဏ်ရည်တုနည်းပညာ (AI) ခေတ်အတွက် အဆင်သင့်ဖြစ်သည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရေးတို့ကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် လူမှုအသိုက်အဝန်းအတွက် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားကြရန်လည်းလိုအပ်ကြောင်း။
မြန်မာစကားပုံတွင် ‘ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်’ ဟု ဆိုကြပြီး ရေနှင့် အစားအစာသည် ခန္ဓာကိုယ်အသက်ရှင်ရပ်တည်ရန် လိုအပ်သကဲ့သို့ ပညာသည်လည်း လူတစ်ဦး၏ ဘဝတစ်လျှောက်လုံး ရပ်တည်ရှင်သန်နိုင်ရန် မရှိမဖြစ်လိုအပ်ကြောင်း၊ စာပေဗဟုသုတနှင့် အသိပညာမပြည့်စုံသူများသည် ဘဝတစ်လျှောက်အခက်အခဲအကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းကြရာတွင် အခက်အခဲများစွာ ကြုံတွေ့နိုင်သောကြောင့် ‘ပညာအသက် ဘဝတစ်သက်’ ဟုလည်း ဆိုနိုင်ကြောင်း။
ထို့ကြောင့် ပညာရေးသည် စာသင်ကြားပေးခြင်း၊ ဘွဲ့လက်မှတ်ရရှိစေခြင်းဟူသည့်အဆင့်ထက် ပိုမိုကျယ်ပြန့်ပြီး လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးနှင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် စိတ်ဓာတ်အရည်အသွေးများ ပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာစေရေးပညာရေးဖြင့် ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ခေတ်မီနည်းပညာများ မည်မျှပင်တိုးတက်နေသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာ၊ အတတ်ပညာနှင့် စိတ်ဓာတ်အရည်အသွေးများကို ထိထိရောက်ရောက် ပြုစုပျိုးထောင်ပေးနိုင်မည့် ဆရာ၊ ဆရာမများ၏ အရည်အသွေးကသာ ပို၍အဓိကကျကြောင်း။
ကျောင်းသား၊ ကျောင်းသူများသည် စာအုပ်ထဲမှ ပညာရပ်များကိုသာ သင်ယူကြသည်မဟုတ်ဘဲ ဆရာ၊ ဆရာမများ၏ အပြုအမူ၊ အပြောအဆို၊ စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှုနှင့် ကိုယ်ကျင့်တရားများကိုပါ အတုယူသင်ယူကြသည်ဖြစ်ကြောင်း၊ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဟူသည့် ဆောင်ပုဒ်သည် အဓိပ္ပာယ်အလွန်နက်ရှိုင်းကြောင်း၊ ဆရာကောင်းတစ်ဦး၏ သင်ကြားပေးမှု၊ လမ်းညွှန်မှုနှင့် စံနမူနာကောင်းများသည် တပည့်များ၏ ဘဝတစ်လျှောက်လုံးအတွက် အကျိုးပြုနိုင်ကြောင်း။
မိမိတို့၏ တပည့်များကို ‘စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ’ ဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ မျိုးချစ်စိတ်ကိုအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေလိုသည့် စိတ်ဓာတ်များကိန်းအောင်း ရှင်သန်လာစေရေးနှင့် လိမ္မာယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းအတွက် မဖြစ်မနေလိုအပ်သည့် စည်းကမ်းသိရှိလိုက်နာမှုများကို လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် သဘောထားပြီး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးအထိ ပညာသင်ယူခွင့်များ ပိုမိုရရှိစေရေး၊ ပညာရေးကဏ္ဍ အရည်အသွေးမြှင့်တင်ရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေး တိုးချဲ့ဖော်ဆောင်ရေး၊ သင်ကြားရေးနှင့်လုပ်ငန်းခွင် လိုအပ်ချက်များ ကိုက်ညီစေရေး၊ ဆရာ၊ ဆရာမ များ၏ အရည်အသွေးမြှင့်တင်ရေးနှင့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိနေကြောင်း။
ပညာရေးကဏ္ဍတွင် နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း တိုးမြှင့်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘတ်ဂျက်၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်းကို ခွဲဝေသုံးစွဲသွားမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများ၏ ပညာရေးဆိုင်ရာ အသုံးစရိတ်များကိုပါ ထည့်တွက်မည်ဆိုပါက ပညာရေးကဏ္ဍတစ်ခုလုံးအတွက် ၉ ဒသမ ၂၂ ရာခိုင်နှုန်းအထိ သုံးစွဲသွားရန်ဆောင်ရွက်ထားကြောင်း၊ ထို့အပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်ခွဲဝေမှုကို အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍတစ်ခုလုံးအတွက် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန်နှင့် မိမိတို့အစိုးရ၏ ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိရောက်ရှိစေရန် ရည်မှန်းထားကြောင်း၊ ထိုသို့ ပညာရေးအတွက် ခွင့်ပြုရန်ပုံငွေများ တိုးမြှင့်ရင်းနှီးမြှုပ်နှံခြင်းသည် စာသင်ကျောင်းနှင့် အဆောက်အအုံများ တည်ဆောက်ပေးရုံသာမက ဆရာ၊ ဆရာမ များ၏ အရည်အသွေးမြှင့်တင်ရန်၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးရန်၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့အတွက် ရင်းနှီး မြှုပ်နှံခြင်းပင်ဖြစ်ကြောင်း။
ထို့အပြင် အခြေခံပညာကျောင်းများကို စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း၊ စံကိုက်ကျောင်းများအဖြစ် အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းပိုင်မြေ ၃ ဧကမှ ၅ ဧကအထိ၊ အလယ်တန်းကျောင်းများအတွက် ၅ ဧကမှ ၇ ဧကအထိနှင့် အထက်တန်းကျောင်းများအတွက် ၇ ဧကမှ ၁၀ ဧကအထိဟူ၍ သတ်မှတ်ထားကြောင်း၊ ကျောင်းဆောင်သစ်များ၊ အကြီးစားပြုပြင်မွမ်းမံမှုများ၊ ဘက်စုံသုံးခန်းမနှင့် အားကစားရုံများ၊ စုဝေးကွင်းများ၊ ခြံစည်းရိုးများ၊ သန့်စင်ခန်းများနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်နေကြောင်း။

အခြေခံပညာရေးပိုင်းတွင် KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရပ်နားခဲ့ရသူများ ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးတို့ကို အလေးထားဆောင်ရွက်နေကြောင်း။
ထိုသို့ ဆောင်ရွက်နေရခြင်းမှာ လူတစ်ယောက်အတွက် ဘဝတစ်လျှောက်လုံး ရှင်သန်ရပ်တည်နိုင်ရန် မူလတန်းပညာအဆင့်တစ်ခုတည်းဖြင့် မလုံလောက်ခြင်းကြောင့်ဖြစ်ကြောင်း၊ အနည်းဆုံး အလယ်တန်းပညာအဆင့် ပြီးမြောက်မှသာ လူ့ဘဝအတွက် လိုအပ်သည့် အသိဉာဏ်ပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မူလတန်းအဆင့်၌ပင် ကျောင်းထွက်မှုများမဖြစ်ပေါ်စေရေးနှင့် KG+9 ပြီးမြောက်သည်အထိ သင်ယူနိုင်ရေးကို အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
မောင်တို့မယ်တို့သည် အထက်တန်းပြဆရာများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ အထက်တန်းအဆင့် တက်ရောက်လာသည့် ကျောင်းသားများသည် နိုင်ငံတော်မှ အနိမ့်ဆုံးသတ်မှတ်ထားသည့် KG+9 ပြီးမြောက်အောင်မြင်သူများဖြစ်သဖြင့် အထက်တန်းပညာ၊ အဆင့်မြင့်ပညာကို စိတ်အားထက်သန်စွာဖြင့် တတ်မြောက်သင်ကြားလိုသူများလည်းဖြစ်ကြကြောင်း၊ KG+12 ပြီးမြောက်၊ ဖြေဆို၊ အောင်မြင်သူများဖြစ်အောင် အစစအရာရာအားပေးကြရန်လိုကြောင်း၊ ယင်းလုပ်ငန်းများကို မိမိတို့ တာဝန်ကျရာဒေသများတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မိဘများ၊ ရပ်မိရပ်ဖများနှင့်ပူးပေါင်းပြီး လှုံ့ဆော်၊ စည်းရုံး၊ ပံ့ပိုးအားပေးခြင်းများဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်တိုက်တွန်းလိုကြောင်း။
တစ်ဖက်တွင်လည်း အခြေခံပညာအလယ်တန်းအဆင့်မှစပြီး စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အခြေခံဘာသာရပ်များ သင်ကြားပေးနိုင်ရေးဆောင်ရွက်နေသကဲ့သို့ ယင်းဘာသာရပ်များနှင့် သက်ဆိုင်သည့် အထက်တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးနေကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများကို သင့်လျော်သည့် တက္ကသိုလ်၊ ကောလိပ်အဆင့်အထိ မြှင့်တင်ပေးနိုင်ရေးဆောင်ရွက်နေသကဲ့သို့ ယခုနှစ်တွင် Polytechnic University ၃ ခုနှင့် ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် Polytechnic School များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း။
ထိုသို့ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် အခြေခံပညာရေးကို ချိတ်ဆက်ဆောင်ရွက်နေခြင်းသည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့စိတ်ဝင်စားရာ ပညာရပ်များနှင့် လက်တွေ့အသုံးချနိုင်သည့် ကျွမ်းကျင်မှုများကို စောစီးစွာရရှိလာစေရန်အတွက်လည်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် ပညာသင်ယူမှုရပ်နားခဲ့ရသူများအတွက် အခြေခံသက်မွေးဝမ်းကျောင်း ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း၊ ထို့အပြင်ပညာရေးတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ထဲရောက်ရှိနေသူများကိုလည်း မိမိတို့ရရှိထားသည့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများကတစ်ဆင့် ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ဝင်ရောက်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးဆောင်ရွက်နေကြောင်း၊ အလားတူ ပညာရေးအခွင့်အလမ်းများကို မြို့ပြဒေသများတွင်သာမက ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသများ၊ နယ်စပ်ဒေသများနှင့် ပညာရေးဝန်ဆောင်မှုအားနည်းနေသည့် နေရာများတွင်ပါ ရရှိနိုင်ရေးဆောင်ရွက်ပေးနေကြောင်း။
ထို့အပြင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်အတူ အားကစားကဏ္ဍကိုလည်း အလေးအနက်ထားဆောင်ရွက်နေကြောင်း၊ ပညာရေးဆိုသည်မှာ စာပေသင်ကြားပေးရုံဖြင့်မပြီးဘဲ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စိတ်နှစ်ပါးကျန်းမာကြံ့ခိုင်ပြီး စည်းကမ်းရှိသည့် လူငယ်များဖြစ်လာရန်လည်း လိုအပ်ကြောင်း၊ အားကစားလှုပ်ရှားမှုများသည် ကျန်းမာရေးကောင်းမွန်စေရုံသာမက စည်းကမ်းလိုက်နာမှု၊ ဇွဲလုံ့လ၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ယူမှုစိတ်ဓာတ်များကိုပါ ပျိုးထောင်ပေးနိုင်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများကို ပညာရည်သာမက ကိုယ်ကာယကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ပါ ပြည့်စုံလာစေရေး အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်လာအောင် ဆရာ၊ ဆရာမများက အားပေးလမ်းညွှန်ပေးကြရန်လိုကြောင်း။
နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ စီမံကိန်းများချမှတ်ပြီး ဘဏ္ဍာငွေ၊ အခြေခံအဆောက်အအုံနှင့် ပညာရေးအခွင့်အလမ်းများ ဖြည့်ဆည်းပေးနေသကဲ့သို့ ထိုသို့ဆောင်ရွက်ချက်များကို လက်တွေ့အောင်မြင်အောင် အကောင်အထည်ဖော်ပေးကြမည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် မောင်တို့၊ မယ်တို့အနေဖြင့် လုပ်ငန်းခွင်ရောက်ရှိသည့်အခါ အထူးအလေးထားလိုက်နာဆောင်ရွက်ရမည့် အချက် (၅) ချက်ကို မှာကြားလိုကြောင်း။
ပထမအချက်အနေဖြင့် ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနှင့် သင်ကြားရေးအတွေ့အကြုံတို့ကို အမြဲတမ်းမြှင့်တင်နေကြရန်ဖြစ်ကြောင်း၊ မိမိတို့သင်ကြားပို့ချရမည့် ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ သိရှိနားလည်ထားရမည်ဖြစ်ပြီး သင်ကြားရေးနည်းစနစ်များကိုလည်း အစဉ်တစိုက်လေ့လာနေကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်၊ သင်ယူနိုင်စွမ်းနှင့် လိုအပ်ချက်များအပေါ်မူတည်ပြီး သင့်တော်သည့် သင်ကြားသင်ယူမှုနည်းလမ်းများကို အသုံးပြုကြရမည်ဖြစ်ကြောင်း။
ဒုတိယအချက်အနေဖြင့် ကျောင်းသားဗဟိုပြုသင်ကြားသင်ယူမှုကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ကျောင်းသားများကိုယ်တိုင်စူးစမ်းလေ့လာ၊ မေးခွန်းမေးမြန်းခြင်း၊ ဆွေးနွေးခြင်းများလုပ်ရမည်ဖြစ်သကဲ့သို့ ကိုယ်တိုင်စဉ်းစားပြီး လက်တွေ့လုပ်ဆောင်နိုင်ရန်နှင့် သင်ယူထားသည့် အသိပညာများကို အသုံးချနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားတစ်ဦးချင်းစီ၏ မတူကွဲပြားသည့် သင်ယူမှုဆိုင်ရာ လိုအပ်ချက်များကို နားလည်ပြီး မည်သူမျှနောက်ကျမကျန်ရစ်စေရေး အလေးထားသင်ကြားပေးကြရမည်ဖြစ်ကြောင်း။
တတိယအချက်အနေဖြင့် ဆရာ့ကျင့်ဝတ်နှင့် စံနမူနာကောင်းများကို ထိန်းသိမ်းလိုက်နာကြရန်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာပေးသူများသာမက အတုယူအားကျရသည့် စံနမူနာကောင်းများလည်း ဖြစ်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရိုးသားဖြောင့်မတ်မှု၊ တာဝန်ယူမှု၊ စည်းကမ်းရှိမှု၊ တရားမျှတမှုနှင့် အပြန်အလှန်လေးစားမှုတို့ကို မိမိတို့၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် လက်တွေ့ကျင့်သုံးကြရမည်ဖြစ်ကြောင်း။
“လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ၊ မိနှင့်ဘ” ဆိုသည့်အတိုင်း မိဘသည် လူတစ်ဦး၏ ပထမဆုံးဆရာဖြစ်ပြီး ဆရာ၊ ဆရာမများသည်လည်း ဘဝတိုးတက်ရေးအတွက် လမ်းညွှန်ပေးသူများဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိတို့တပည့်သားသမီးများအတွက် ဒုတိယမိဘများဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အသက်အရွယ်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအခြေအနေများကို နားလည်ပြီး သားသမီးအရင်းအချာကဲ့သို့ သဘောထားကာ ကြင်နာမှု၊ စိတ်ရှည်မှုနှင့် လေးစားမှုတို့ကိုအခြေခံပြီး သင်ကြားလေ့ကျင့်ပေးကြရန်လိုကြောင်း။
ကျောင်းဆိုသည်မှာ ကျောင်းသား၊ ကျောင်းသူတိုင်း လုံခြုံစိတ်ချစွာ သင်ယူနိုင်သည့် နေရာဖြစ်ရန်လည်းလိုအပ်ကြောင်း၊ အနိုင်ကျင့်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အရှက်ရစေခြင်းတို့ကို ရှောင်ကြဉ်ပြီး ကျောင်းသူ ကျောင်းသားများ၏ အားသာချက်များကို ဖော်ထုတ်ပြီး အားနည်းချက်များကို ပြုပြင်လာအောင် ကူညီပေးကြရမည်ဖြစ်ကြောင်း၊ မိမိတို့တပည့်များကို ပညာရပ်သင်ကြားပေးနေသကဲ့သို့ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများကိုပါ ပြုပြင်ပျိုးထောင်ပေးကြရန် အရေးကြီးကြောင်း။
စတုတ္ထအချက်အနေဖြင့် လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ယူမှုရှိကြရန်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ ကျောင်းနှင့်ဒေသများတွင် ကျောင်းအုပ်ကြီးများ၊ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအကြား အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကထားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ဒေသ၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင်လည်း စေတနာထားပြီး တတ်နိုင်သမျှ ပါဝင်ကူညီဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း။
ပဉ္စမအချက်အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာကြတော့မည်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အထူးစောင့်ထိန်းလိုက်နာကြရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းတစ်ဦးအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့် လိုက်နာရမည့် စည်းကမ်းများကို သိရှိနားလည်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံအတွက် အားကိုးအားထားပြုရမည့် ပညာရေးဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း။
ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ ပညာရပ်ဆိုင်ရာ အသိပညာကိုသာ အားကိုးနေခြင်းမျိုးမဟုတ်ဘဲ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ ဒီဂျစ်တယ်သင်ကြားရေး အထောက်အကူပြုကိရိယာများ၊ အွန်လိုင်းသင်ယူမှုအရင်းအမြစ်များနှင့် AI နည်းပညာများကိုလည်း သင့်လျော်မှန်ကန်စွာ အသုံးချတတ်ရန်လိုအပ်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် နည်းပညာကို အသုံးပြုနိုင်ရေးတစ်ခုတည်းကိုသာ ရည်ရွယ်ခြင်းမဟုတ်ဘဲ နည်းပညာကိုအသုံးချပြီး ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် လက်တွေ့စွမ်းဆောင်ရည်များ တိုးတက်လာအောင် စီမံသင်ကြားပေးနိုင်ရန် ပိုမိုအရေးကြီးကြောင်း၊ နည်းပညာအသုံးပြုရာတွင်လည်း အချက်အလက်မှန်ကန်မှု၊ ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် ပညာရေးဆိုင်ရာကျင့်ဝတ်များကို လိုက်နာကြရန်လိုကြောင်း။
ထို့အပြင် မိမိတို့၏ သင်ကြားရေးအတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး အားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်၊ ပိုမိုကောင်းမွန်သည့် သင်ကြားရေးနည်းလမ်းများကို ရှာဖွေကြရန်လိုအပ်ကြောင်း၊ အတွေ့အကြုံရှိသည့် ဆရာ၊ ဆရာမများထံမှ လေ့လာသင်ယူပြီး သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် အတွေ့အကြုံဖလှယ်ပွဲများတွင် ပါဝင်ခြင်းများကတစ်ဆင့် မိမိတို့၏ပညာရပ်နှင့် သင်ကြားရေးစွမ်းရည်များကို အဆက်မပြတ်မြှင့်တင်သွားကြရန်လည်း တိုက်တွန်းလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းသည် လုပ်ငန်းခွင်အတွင်း စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု (Continuous Professional Development-CPD) ကို အလေးထားဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း။
ဆရာတစ်ဦး၏ အောင်မြင်မှုကို မိမိသင်ကြားပို့ချခဲ့သည့် သင်ခန်းစာအရေအတွက်၊ အချိန်ကာလနှင့် လုပ်သက်များဖြင့်သာ တိုင်းတာရခြင်းမဟုတ်ကြောင်း၊ မိမိတို့၏သင်ကြားပေးမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာတိုးတက်လာမှု၊ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားလာမှု၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာမှုနှင့် လူ့ပတ်ဝန်းကျင်တွင် တာဝန်ယူပါဝင်ဆောင်ရွက်နိုင်မှုတို့ကိုပါ ထည့်သွင်းတိုင်းတာရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာ၊ အတတ်ပညာနှင့် ဗလငါးတန်ပြည့်စုံသည့် အဖိုးတန်လူငယ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။
မိမိတို့ရရှိထားသည့် ဘွဲ့လက်မှတ်ကို ပညာသင်ယူမှု၏ အဆုံးသတ်အဖြစ် မမြင်ကြစေလိုကြောင်း၊ လက်တွေ့လုပ်ငန်းခွင်သည်လည်း ဆက်လက်လေ့လာသင်ယူရမည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ကြောင်း၊ ဘဝတွင်လေ့လာသင်ယူမှုဆိုသည်မှာ မည်သည့်အခါမှပြီးဆုံးသွားသည်မဟုတ်သည့်အတွက် “Lifelong Learning” ဆိုသည့်အတိုင်း အသက်ထက်ဆုံး စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြရန် တိုက်တွန်းလိုကြောင်း။
ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရတစ်ရပ်တည်း၏ တာဝန်မဟုတ်ဘဲ ဆရာ၊ ဆရာမများ၊ မိဘပြည်သူများ၊ သက်ဆိုင်ရာဌာနများနှင့် လူမှုအဖွဲ့အစည်းအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း။
ထို့ကြောင့် ပညာရေးအပေါ်တွင် တန်ဖိုးထား၊ ဆရာ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်သိသိ၊ သစ္စာရှိရှိဖြင့် ကျေပွန်အောင် ထမ်းဆောင်သွားကြရန် အလေးအနက်ထားတိုက်တွန်းမှာကြားလိုကြောင်း၊ “ဆရာကောင်းမှ တပည့်ကောင်းမည်၊ တပည့်ကောင်းမှ လူ့အဖွဲ့အစည်းကောင်းမည်၊ လူ့အဖွဲ့အစည်းကောင်းမှ အနာဂတ်ကောင်းကို တည်ဆောက်နိုင်မည်” ဆိုသည့် ယုံကြည်ချက်ဖြင့် မိမိတို့အားလုံးပညာရေးတာဝန်ကို ဂုဏ်ယူစွာ၊ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံ ကျောင်းသား၊ ကျောင်းသူနှစ်ဦးက ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း အထိမ်းအမှတ်လက်ဆောင်အား နေရာအရောက်ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ အားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#Myanmar #News