
■ အခြေခံပညာကျောင်းများကို စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်နေပြီး စံကိုက်ကျောင်းများအဖြစ် အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းပိုင်မြေ ၃ ဧကမှ ၅ ဧက၊ အလယ်တန်းကျောင်းများအတွက် ၅ ဧကမှ ၇ ဧကနှင့် အထက်တန်းကျောင်းများအတွက် ၇ ဧကမှ ၁၀ ဧကအထိ သတ်မှတ်ထားကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်ခွဲဝေမှုကို အနည်းဆုံး ၁၀ ရာခိုင်နှုန်းနှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်ဖြစ်ကာ အခြေခံပညာကျောင်းများကိုလည်း စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်နေပြီး စံကိုက်ကျောင်းများအဖြစ် အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းပိုင်မြေ ၃ ဧကမှ ၅ ဧကအထိ၊ အလယ်တန်းကျောင်းများအတွက် ၅ ဧကမှ ၇ ဧကအထိနှင့် အထက်တန်းကျောင်းများအတွက် ၇ ဧကမှ ၁၀ ဧကအထိဟူ၍ သတ်မှတ်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (နိုဝင်ဘာ ၁၇ ရက်) က နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် သဘောထားပြီး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးအထိ ပညာသင်ယူခွင့်များ ပိုမိုရရှိစေရေး၊ ပညာရေးကဏ္ဍ အရည်အသွေးမြှင့်တင်ရေး၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေး တိုးချဲ့ဖော်ဆောင်ရေး၊ သင်ကြားရေးနှင့်လုပ်ငန်းခွင် လိုအပ်ချက်များ ကိုက်ညီစေရေး၊ ဆရာ၊ ဆရာမ များ၏ အရည်အသွေးမြှင့်တင်ရေးနှင့် လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ ပညာရေးကဏ္ဍတွင် နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း တိုးမြှင့်ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘတ်ဂျက်၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်းကို ခွဲဝေသုံးစွဲသွားမည်ဖြစ်ပြီး အခြားဝန်ကြီးဌာနများ၏ ပညာရေးဆိုင်ရာ အသုံးစရိတ်များကိုပါ ထည့်တွက်မည်ဆိုပါက ပညာရေးကဏ္ဍတစ်ခုလုံးအတွက် ၉ ဒသမ ၂၂ ရာခိုင်နှုန်းအထိ သုံးစွဲသွားရန်ဆောင်ရွက်ထားကြောင်း၊ ထို့အပြင် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် ဘတ်ဂျက်ခွဲဝေမှုကို အနည်းဆုံး ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်၊ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍတစ်ခုလုံးအတွက် ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲရန်နှင့် မိမိတို့အစိုးရ၏ ငါးနှစ်တာကာလအတွင်း ၂၀ ရာခိုင်နှုန်းအထိရောက်ရှိစေရန် ရည်မှန်းထားကြောင်း၊ ထိုသို့ ပညာရေးအတွက် ခွင့်ပြုရန်ပုံငွေများ တိုးမြှင့်ရင်းနှီးမြှုပ်နှံခြင်းသည် စာသင်ကျောင်းနှင့် အဆောက်အအုံများ တည်ဆောက်ပေးရုံသာမက ဆရာ၊ ဆရာမ များ၏ အရည်အသွေးမြှင့်တင်ရန်၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးရန်၊ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်နှင့် အနာဂတ်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့အတွက် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင် အခြေခံပညာကျောင်းများကို စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း၊ စံကိုက်ကျောင်းများအဖြစ် အခြေခံပညာမူလတန်းကျောင်းများအတွက် ကျောင်းပိုင်မြေ ၃ ဧကမှ ၅ ဧကအထိ၊ အလယ်တန်းကျောင်းများအတွက် ၅ ဧကမှ ၇ ဧကအထိနှင့် အထက်တန်းကျောင်းများအတွက် ၇ ဧကမှ ၁၀ ဧကအထိဟူ၍ သတ်မှတ်ထားကြောင်း၊ ကျောင်းဆောင်သစ်များ၊ အကြီးစားပြုပြင်မွမ်းမံမှုများ၊ ဘက်စုံသုံးခန်းမနှင့် အားကစားရုံများ၊ စုဝေးကွင်းများ၊ ခြံစည်းရိုးများ၊ သန့်စင်ခန်းများနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်နေကြောင်း၊ အခြေခံပညာရေးပိုင်းတွင် KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသကဲ့သို့ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရပ်နားခဲ့ရသူများ ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးတို့ကို အလေးထားဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နေရခြင်းမှာ လူတစ်ယောက်အတွက် ဘဝတစ်လျှောက်လုံး ရှင်သန်ရပ်တည်နိုင်ရန် မူလတန်းပညာအဆင့်တစ်ခုတည်းဖြင့် မလုံလောက်ခြင်းကြောင့်ဖြစ်ကြောင်း၊ အနည်းဆုံး အလယ်တန်းပညာအဆင့် ပြီးမြောက်မှသာ လူ့ဘဝအတွက် လိုအပ်သည့် အသိဉာဏ်ပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မူလတန်းအဆင့်၌ပင် ကျောင်းထွက်မှုများမဖြစ်ပေါ်စေရေးနှင့် KG+9 ပြီးမြောက်သည်အထိ သင်ယူနိုင်ရေးကို အလေးထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အဆိုပါဩဝါဒခံယူပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဆရာ၊ ဆရာမများ၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။