
■ စာပေဗဟုသုတနှင့် အသိပညာမပြည့်စုံသူများသည် ဘဝတစ်လျှောက်အခက်အခဲအကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းကြရာတွင် အခက်အခဲများစွာ ကြုံတွေ့နိုင်သောကြောင့် ‘ပညာအသက် ဘဝတစ်သက်’ ဟုလည်း ဆိုနိုင်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
ရေနှင့် အစားအစာသည် ခန္ဓာကိုယ်အသက်ရှင်ရပ်တည်ရန် လိုအပ်သကဲ့သို့ ပညာသည်လည်း လူတစ်ဦး၏ ဘဝတစ်လျှောက်လုံး ရပ်တည်ရှင်သန်နိုင်ရန် မရှိမဖြစ်လိုအပ်ကြောင်း၊ စာပေဗဟုသုတနှင့် အသိပညာမပြည့်စုံသူများသည် ဘဝတစ်လျှောက်အခက်အခဲအကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းကြရာတွင် အခက်အခဲများစွာ ကြုံတွေ့နိုင်သောကြောင့် ‘ပညာအသက် ဘဝတစ်သက်’ ဟုလည်း ဆိုနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (နိုဝင်ဘာ ၁၇ ရက်) က နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့သည် ဆရာအတတ်ပညာရေးနယ်ပယ်တွင် ရှည်လျားသည့် သမိုင်းအစဉ်အလာကောင်းများနှင့် ဂုဏ်သတင်းမွှေးသည့် တက္ကသိုလ်များလည်းဖြစ်ကြောင်း၊ ယနေ့အချိန်အထိ ယင်းတက္ကသိုလ်နှစ်ခုသည် နိုင်ငံတော်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမများကို နှစ်စဉ်မပြတ် မွေးထုတ်ပေးနိုင်ခဲ့သည့် အရေးပါသော စွမ်းဆောင်မှုများအတွက်လည်း အသိအမှတ်ပြုဂုဏ်ယူကြောင်းကို ပြောကြားလိုကြောင်း၊ ပညာရေးတက္ကသိုလ်များအနေဖြင့်လည်း ဆရာအတတ်သင်ပညာရေးအရည်အသွေးမြှင့်တင်ရေး၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် ဉာဏ်ရည်တုနည်းပညာ (AI) ခေတ်အတွက် အဆင်သင့်ဖြစ်သည့် ဆရာ၊ ဆရာမများ မွေးထုတ်ပေးရေးတို့ကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် လူမှုအသိုက်အဝန်းအတွက် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကိုလည်း ဆက်လက်အကောင်အထည်ဖော်သွားကြရန်လည်းလိုအပ်ကြောင်း ပြောကြားသည်။
မြန်မာစကားပုံတွင် ‘ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်’ ဟု ဆိုကြပြီး ရေနှင့် အစားအစာသည် ခန္ဓာကိုယ်အသက်ရှင်ရပ်တည်ရန် လိုအပ်သကဲ့သို့ ပညာသည်လည်း လူတစ်ဦး၏ ဘဝတစ်လျှောက်လုံး ရပ်တည်ရှင်သန်နိုင်ရန် မရှိမဖြစ်လိုအပ်ကြောင်း၊ စာပေဗဟုသုတနှင့် အသိပညာမပြည့်စုံသူများသည် ဘဝတစ်လျှောက်အခက်အခဲအကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းကြရာတွင် အခက်အခဲများစွာ ကြုံတွေ့နိုင်သောကြောင့် ‘ပညာအသက် ဘဝတစ်သက်’ ဟုလည်း ဆိုနိုင်ကြောင်း၊ ထို့ကြောင့် ပညာရေးသည် စာသင်ကြားပေးခြင်း၊ ဘွဲ့လက်မှတ်ရရှိစေခြင်းဟူသည့်အဆင့်ထက် ပိုမိုကျယ်ပြန့်ပြီး လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးနှင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် စိတ်ဓာတ်အရည်အသွေးများ ပြည့်ဝသည့် လူတော်လူကောင်းများဖြစ်လာစေရေးပညာရေးဖြင့် ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် ခေတ်မီနည်းပညာများ မည်မျှပင်တိုးတက်နေသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာ၊ အတတ်ပညာနှင့် စိတ်ဓာတ်အရည်အသွေးများကို ထိထိရောက်ရောက် ပြုစုပျိုးထောင်ပေးနိုင်မည့် ဆရာ၊ ဆရာမများ၏ အရည်အသွေးကသာ ပို၍အဓိကကျကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ကျောင်းသား၊ ကျောင်းသူများသည် စာအုပ်ထဲမှ ပညာရပ်များကိုသာ သင်ယူကြသည်မဟုတ်ဘဲ ဆရာ၊ ဆရာမများ၏ အပြုအမူ၊ အပြောအဆို၊ စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှုနှင့် ကိုယ်ကျင့်တရားများကိုပါ အတုယူသင်ယူကြသည်ဖြစ်ကြောင်း၊ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဟူသည့် ဆောင်ပုဒ်သည် အဓိပ္ပာယ်အလွန်နက်ရှိုင်းကြောင်း၊ ဆရာကောင်းတစ်ဦး၏ သင်ကြားပေးမှု၊ လမ်းညွှန်မှုနှင့် စံနမူနာကောင်းများသည် တပည့်များ၏ ဘဝတစ်လျှောက်လုံးအတွက် အကျိုးပြုနိုင်ကြောင်း၊ မိမိတို့၏ တပည့်များကို ‘စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ’ ဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးစိတ်၊ မျိုးချစ်စိတ်ကိုအခြေခံသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေလိုသည့် စိတ်ဓာတ်များကိန်းအောင်း ရှင်သန်လာစေရေးနှင့် လိမ္မာယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းအတွက် မဖြစ်မနေလိုအပ်သည့် စည်းကမ်းသိရှိလိုက်နာမှုများကို လေ့ကျင့်သင်ကြားပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။