NP News

STEPS Survey (၂၀၂၄) အရ ဆီးချိုသွေးချိုရောဂါရှိသူ (၇ ဒသမ ၉) ရာခိုင်နှုန်းရှိနေ

ထိုက်စံ(NP News)-နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများဖြစ်ပွားနိုင်ခြေများကို လေ့လာခြင်းသုတေသန STEPS Survey (၂၀၂၄) အရ ဆီးချိုသွေးချိုရောဂါရှိသူ (၇ ဒသမ ၉) ရာခိုင်နှုန်းရှိနေကြောင်း ယမန်နေ့(နိုဝင်ဘာ ၁၆ ရက်)၊ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် (၂၀၂၆) ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများဖြစ်ပွား နိုင်ခြေများကို လေ့လာခြင်းသုတေသန STEPS Survey (၂၀၂၄) အရ ဆီးချိုသွေးချိုရောဂါရှိသူ (၇ ဒသမ ၉) ရာခိုင်နှုန်းရှိပြီး ဆီးချိုသွေးချို ကနဦးအဆင့် ဖြစ်ပွားနေသူ (၁၂ ဒသမ ၃) ရာခိုင်နှုန်းရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီးချိုသွေးချိုရောဂါသည် အရွယ်မတိုင်မီ သေဆုံးမှု ဖြစ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ်ဖြစ် ကြောင်း၊ ယခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ "Early Action on Diabetes"ရောဂါကို စောစီးစွာသိရှိစစ်ဆေးပြီး အချိန်မီထိန်းချုပ် ကုသနိုင်ရန် ရည်ရွယ်၍ “ဆီးချိုသွေးချိုရောဂါဘေး စောစော ရှာဖွေကုသပေး” ဟု မြန်မာပြန်ဆို ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ဆီးချိုသွေးချိုရောဂါသည် ရောဂါ လက္ခဏာများ ထင်ရှားစွာမပြဘဲ တိတ်တဆိတ် ဖြစ်ပွားတတ်သည့် ရောဂါတစ်မျိုးဖြစ်သည့်အတွက် အချိန်မီမစစ်ဆေးလျှင် ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် မျက်စိကွယ်ခြင်းတို့ အပြင် ပြင်းထန်သည့် နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများကို ရင်ဆိုင်ရနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆီးချိုသွေးချို ရောဂါများအပါအဝင် အခြားမကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင် ရေးအတွက် မကူးစက်နိုင်သောရောဂါများကာကွယ် နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၃-၂၀၂၇)ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့်လည်း ကျေးလက်ကျန်းမာရေးဌာန နှင့် ဌာနခွဲများတွင် မကူးစက်နိုင်သောရောဂါများကို စစ်ဆေးကုသပေးသည့် ဆေးခန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက် ရှိကြောင်း၊ ကုသမှုအတွက် လိုအပ်သည့် အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများကိုလည်း နိုင်ငံတော်မှ ကျပ်သန်းပေါင်းများစွာ အကုန်အကျခံ ဝယ်ယူ၍ ပြည်သူများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ထိရောက်သည့် စစ်ဆေးကုသမှုများပေးရန်အတွက် အခြေခံကျန်းမာရေးဝန်ထမ်းများကို စွမ်းဆောင်ရည် မြှင့် သင်တန်းများပေးခြင်း၊ ပြည်သူ့ဆေးရုံများတွင် အထူးကုဆရာဝန်ကြီးများဦးဆောင်၍ စဉ်ဆက်မပြတ် အစဉ်တစိုက်လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ဟော်မုန်းပညာရှင်များအသင်းနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဆေးရုံအုပ်ကြီးများ နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News