Myanmar Digital News

ဆီးချိုသွေးချိုရောဂါကို စောစီးစွာသိရှိပြီး သင့်လျော်စွာ စီမံကုသနိုင်မယ်ဆိုရင် နှလုံးသွေးကြောရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိကွယ်ခြင်းနဲ့ အာရုံကြောထိခိုက်ခြင်းစတဲ့ နောက်ဆက်တွဲပြဿနာတွေကို ကာကွယ်နိုင်ပါတယ်

ပါမောက္ခ ဒေါက်တာ သိန်းမြင့်

 

ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီးချိုသွေးချိုရောဂါအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

 

မေး     ။ ။ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွား နေမှုကို စောစီးစွာ သိရှိနိုင်ဖို့ သတိပြုသင့်တဲ့ ကနဦးလက္ခဏာတွေနဲ့ ရောဂါလက္ခဏာ ပုံစံတွေကိုပြောပြပေးပါ။

ဖြေ     ။ ။ အများဆုံး တွေ့ရနိုင်တဲ့ လက္ခဏာတွေကတော့ ရေငတ်ခြင်း၊ ရေခဏခဏ သောက်ချင်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ညဘက် ဆီးထသွားရခြင်း၊ အကြောင်းမဲ့ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ အမြင်အာရုံဝါးလာခြင်း၊ အနာကျက်နှေးခြင်း၊ အချို့သူတွေမှာ ထပ်ခါတလဲလဲ ပိုးဝင်ခြင်းတို့ ဖြစ်ပါတယ်။

 

ဒါပေမဲ့ အရေးကြီးတဲ့အချက်က အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါရှိသူ အများအပြားမှာ အစောပိုင်းကာလအတွင်း လက္ခဏာမပြနိုင်ပါဘူး။ တချို့သူတွေမှာ နောက်ဆက်တွဲပြဿနာပေါ်လာ မှသာ ဆီးချိုသွေးချိုရောဂါရှိကြောင်း သိရှိတတ်ပါတယ်။ ဒါကြောင့် လက္ခဏာ မရှိတာနဲ့ ဆီးချိုရောဂါ မရှိဘူးလို့ မယူဆသင့်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အထက်ပါ လက္ခဏာတွေရှိသူတွေအနေနဲ့ သင့်လျော်တဲ့ သွေးတွင်းသကြားဓာတ် စစ်ဆေးမှုတွေကို ခံယူသင့်ပါတယ်။

 

မေး ။ ။ ဘယ်လိုလူတွေက ဆီးချိုသွေးချို ရောဂါကို ကြိုတင်စစ်ဆေးသင့်ပြီး ဘယ်အသက်အရွယ်မှာ စတင်စစ်ဆေး သင့်ပါသလဲ။

ဖြေ     ။ ။အောက်ပါအချက်တွေထဲက တစ်ခုသို့မဟုတ် တစ်ခုထက်ပိုရှိ သူတွေဟာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆီးချိုသွေးချိုရောဂါ စစ်ဆေးမှုခံယူသင့်ပါတယ်။ ကိုယ်အလေးချိန်များခြင်း သို့မဟုတ် ဝမ်းဗိုက်အဆီများခြင်း၊ မိဘ၊ မောင်နှမစတဲ့ မိသားစုဝင်တွေမှာ ဆီးချို သွေးချိုရောဂါရှိခြင်း၊ သွေးတိုးရောဂါ သို့မဟုတ် သွေးတွင်းအဆီဓာတ် မမှန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ အရင်က ဆီးချိုသွေးချိုမဖြစ်မီအဆင့် (Prediabetes) ရှိကြောင်း သိရှိထားခြင်း၊ အမျိုးသမီးတွေမှာ အရင်ကိုယ်ဝန်ဆောင်စဉ် ဆီးချိုသွေးချိုဖြစ်ဖူးခြင်း၊ အရင်က ကလေးအလေးချိန်များစွာ မွေးဖွားဖူးခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာ စတင်စစ်ဆေးသင့်သလဲ ဆိုတာက တစ်ဦးချင်းစီရဲ့ ဖြစ်နိုင်ခြေအချက်တွေနဲ့ သက်ဆိုင်ရာ လမ်းညွှန်ချက်တွေအပေါ် မူတည်ပါတယ်။ ဖြစ်နိုင်ခြေ မြင့်သူတွေမှာတော့ အသက်ငယ်သေးတယ်ဆိုပြီး စစ်ဆေးမှုကို မရွှေ့ဆိုင်းသင့်ပါဘူး။

 

မေး     ။ ။ ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်နိုင်ပါသလဲ။

ဖြေ ။ ။ အမျိုးအစား(၂) ဆီးချိုရောဂါ ဖြစ်ပွားမှုအန္တရာယ်ကို လျော့နည်းအောင် သို့မဟုတ် ဖြစ်ပွားမှုကို နှောင့်နှေးစေအောင် ကာကွယ်နိုင်ပါတယ်။ အဓိကအားဖြင့် နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပထမအချက်အနေနဲ့ အစားအစာကို မျှတစွာစားသုံးသင့်ပါတယ်။ ဟင်းသီးဟင်းရွက်၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုမိုစားသုံးပြီး သကြားပါဝင်မှုများတဲ့ အချိုရည်၊ အချိုမုန့်နဲ့ စွမ်းအင်ကယ်လိုရီများလွန်းတဲ့ အစားအစာတွေကို လျှော့ချသင့်ပါတယ်။ ထမင်းကို လုံးဝဖြတ်ပစ်ဖို့ မလိုအပ်ပေမယ့် စားသုံးတဲ့ပမာဏကို သင့်လျော်စွာ ထိန်းညှိဖို့ လိုပါတယ်။

 

ဒုတိယအချက်အနေနဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်သင့်ပါတယ်။ ကျန်းမာရေးအရ လုပ်ဆောင်နိုင်သူ အများစုအတွက် အလယ်အလတ်ပြင်းအားရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုးကို တစ်ရက် ကို မိနစ် ၃၀ နဲ့ တစ်ပတ်ကို ၅ ရက် သို့မဟုတ် တစ်ပတ်အနည်းဆုံး မိနစ် ၁၅၀ ခန့် ရရှိအောင် ကြိုးစားသင့်ပါတယ်။ တတိယအချက်ကတော့ ကိုယ်အလေးချိန်ကို သင့်လျော်စွာ ထိန်းသိမ်းခြင်း၊ ဆေးလိပ်ရှောင်ခြင်းနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်းတို့ ဖြစ်ပါတယ်။

 

အထူးသဖြင့် ဆီးချိုမဖြစ်မီအဆင့်ရှိ သူတွေမှာ စောစီးစွာလူနေမှုပုံစံပြောင်း လဲခြင်းက အလွန်အရေးကြီးပါတယ်။

 

မေး     ။ ။ ဆီးချိုသွေးချိုရောဂါရှိသူတစ်ဦးဟာ အင်ဆူလင်ထိုးဆေး စတင်သုံးစွဲရပြီဆိုရင် ရောဂါအခြေအနေ အလွန်ဆိုးရွားနေပြီလို့ ဆိုနိုင်ပါသလား။

ဖြေ     ။ ။ အဲဒီလို မဆိုနိုင်ပါဘူး။ အင်ဆူလင် ဆိုတာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ အရေးကြီးတဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။ အမျိုးအစား(၁) ဆီးချို ရောဂါရှိသူတွေမှာ အသက်ရှင်နေထိုင်ဖို့ အင်ဆူလင် မရှိမဖြစ်လိုအပ်ပါတယ်။ အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေမှာ လည်း ခန္ဓာကိုယ်ကအင်ဆူလင် လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့အခါ၊ သွေးတွင်းသကြားဓာတ် အလွန်မြင့်တက် နေတဲ့အခါ သို့မဟုတ် အခြားကုသမှုတွေနဲ့ မလုံလောက်တဲ့အခါ အင်ဆူလင် လိုအပ်နိုင်ပါတယ်။

 

အင်ဆူလင်ကို စတင်သုံးစွဲရခြင်းဟာ လူနာရဲ့ အခြေအနေအတွက် သင့်လျော်တဲ့ ကုသမှုတစ်ခုကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ ရောဂါကိုရှုံးနိမ့်သွားခြင်းလို့ မယူဆသင့်ပါဘူး။

 

အင်ဆူလင်ကို ကြောက်ရွံ့ခြင်း၊ ရှက်ရွံ့ခြင်းတို့ကြောင့် လိုအပ်တဲ့ကုသမှုကို မနှောင့်နှေးသင့်ပါဘူး။ ဆရာဝန်ညွှန်ကြား ချက်အတိုင်း မှန်ကန်စွာအသုံးပြုတတ်ဖို့နဲ့ သွေးတွင်းသကြားဓာတ် အလွန်နည်းကျ ခြင်းကို ကာကွယ်တတ်ဖို့သာ အရေးကြီးပါတယ်။

 

မေး     ။ ။ ဆီးချိုသွေးချို ရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုဘယ်လို ကာကွယ်နိုင်ပါသလဲ။

ဖြေ     ။ ။ ဆီးချိုသွေးချို ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ နှလုံးသွေးကြော ရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိမြင်လွှာ ထိခိုက်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ ခြေထောက်အနာများ ဖြစ်ပေါ်ခြင်းတို့ ပါဝင်ပါတယ်။

 

ဒီပြဿနာတွေကို ကာကွယ်ဖို့ သွေးတွင်းသကြားဓာတ်ကို တစ်ဦးချင်းစီအတွက် သင့်လျော်တဲ့ ရည်မှန်းချက်အတွင်း ထိန်းချုပ်ဖို့လိုပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန်နဲ့ သွေးတွင်းအဆီဓာတ်ကိုပါ ထိန်းချုပ်ရပါမယ်။ မျက်စိစစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ဆောင်မှုနဲ့ ဆီးထဲရှိ အသားဓာတ်ပမာဏ စစ်ဆေးခြင်း၊ ခြေထောက်နဲ့ အာရုံကြောအခြေအနေ စစ်ဆေးခြင်းတို့ကိုလည်း ဆရာဝန် ညွှန်ကြားချက်အတိုင်း ပုံမှန်ပြုလုပ် သင့်ပါတယ်။

 

လူနာအနေနဲ့ ခြေထောက်မှာ အနာ၊ အရောင်ပြောင်းခြင်း၊ ရောင်ရမ်းခြင်းတို့ကို တွေ့ရှိရင် အချိန်မဆွဲဘဲ ဆေးကုသမှုခံယူ သင့်ပါတယ်။

 

နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ခင် ကြိုတင်ကာကွယ်တာက ဖြစ်ပေါ်လာပြီးမှ ကုသတာထက် ပိုမို အကျိုးရှိပါတယ်။

 

မေး     ။ ။ ဆီးချိုသွေးချိုရောဂါ ကုသဆေး တွေကို အချိန်ကြာမြင့်စွာ သောက်သုံးနေရတာကြောင့် ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်နိုင်ပါသလား။

ဖြေ     ။ ။ ဆီးချိုသွေးချိုရောဂါ ကုသဆေး တိုင်းဟာ ကျောက်ကပ်နဲ့အသည်းကို ထိခိုက်စေတယ်လို့ မဆိုနိုင်ပါဘူး။ ဆေးဝါးအမျိုးအစားတစ်ခုချင်းစီရဲ့ အကျိုးကျေးဇူး၊ ဘေးထွက်ဆိုးကျိုးနဲ့ သုံးစွဲရမယ့် အခြေအနေတွေ ကွဲပြားပါတယ်။

 

တချို့ဆေးဝါးတွေကို ကျောက်ကပ် လုပ်ဆောင်မှုအပေါ်မူတည်ပြီး ပမာဏပြင်ဆင်ဖို့ လိုအပ်နိုင်ပါတယ်။ တချို့ဆေးဝါး တွေကိုတော့ အချို့သောကျောက်ကပ် သို့မဟုတ် အသည်းရောဂါ အခြေအနေတွေမှာ ရှောင်ကြဉ်ဖို့ လိုနိုင်ပါတယ်။

 

ဒါကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ ကျောက်ကပ်လုပ်ဆောင်မှု၊ အသည်းအခြေအနေနဲ့ အခြားတွဲဖက် ရောဂါတွေကို ပုံမှန်စစ်ဆေးပြီး မိမိနဲ့ သင့်လျော်တဲ့ ဆေးဝါးကို ဆရာဝန်နဲ့ တိုင်ပင်ရွေးချယ်သင့်ပါတယ်။ ဆေးဝါးကြောင့် ကျောက်ကပ်ထိခိုက်မှာကို စိုးရိမ်ပြီး မိမိဘာသာ ဆေးရပ်လိုက်ခြင်းက သွေးတွင်းသကြားဓာတ် မြင့်တက်စေပြီး ပိုမိုအန္တရာယ်ရှိနိုင်ပါတယ်။

 

မေး     ။ ။ ဆီးချိုသွေးချိုရောဂါနဲ့ပတ်သက် ပြီး ပြည်သူတွေ မှားယွင်းစွာ ယုံကြည်နေကြတဲ့ အယူအဆတွေရှိပါသလား။

ဖြေ     ။ ။ ရှိပါတယ်။ ဥပမာ “ဆီးချိုသွေးချို ရောဂါက အသက်ကြီးမှသာဖြစ် တတ်တယ်”၊ “ပိန်တဲ့သူတွေမှာ ဆီးချို သွေးချိုမဖြစ်နိုင်ဘူး”၊ “လက္ခဏာမရှိရင် ဆီးချိုသွေးချိုမရှိဘူး” ဆိုတဲ့ အယူအဆတွေဟာ မမှန်ကန်ပါဘူး။

 

ဆီးချိုရောဂါဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အမျိုးအစား(၁) ဆီးချိုရောဂါဟာ ကလေးနဲ့ လူငယ်တွေမှာလည်း ဖြစ်နိုင်ပြီး အသက်ကြီးသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးအစား(၂) ဆီးချိုရောဂါကလည်း အခုနောက်ပိုင်း ငယ်ရွယ်သူတွေမှာပါ အဖြစ်များလာတာကိုတွေ့ရှိရပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါဟာ အများစုက ဝသူတွေမှာ အဖြစ်များပေမယ့် ပိန်သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

 

ဆီးချိုသွေးချိုရောဂါရှင် အများစုဟာ ရောဂါဖြစ်ကာစ အစောပိုင်း ကာလတွေမှာ လက္ခဏာပြလေ့ မရှိကြပါဘူး၊ နေမကောင်းလို့ စစ်ဆေးရင်းနဲ့မှ​ တွေ့ရှိကြတာများပါတယ်။ အဲဒါကြောင့်လည်း အသံတိတ်လူသတ်သမား (Silent killer) လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

 

ဒါကြောင့် မိမိကြားသိရတဲ့ သတင်းအချက်အလက်တွေကို မယုံကြည်မီ သက်ဆိုင်ရာ ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီး မှန်ကန်တဲ့ အသိပညာရရှိဖို့ အရေးကြီးပါတယ်။

 

မေး     ။ ။ ဆီးချိုသွေးချို ရောဂါရှိသူတွေ အသက်ရှည်ရှည်နဲ့ ကျန်းမာစွာ နေထိုင်နိုင်ပါသလား။

ဖြေ     ။ ။ နေထိုင်နိုင်ပါတယ်။ ဆီးချို သွေးချို ရောဂါရှိတယ်ဆိုတာနဲ့ အသက်တိုမယ်၊ နောက်ဆက်တွဲ ပြဿနာ တွေ မဖြစ်မနေ ဖြစ်လာမယ်လို့ မဆိုလိုပါဘူး။

 

ဆီးချိုသွေးချိုရောဂါကို စောစီးစွာသိရှိခြင်း၊ သင့်လျော်တဲ့ ကုသမှုခံယူခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ကို ထိန်းချုပ်ခြင်း၊ သွေးတွင်းအဆီဓာတ်ကို စီမံခြင်း၊ ဆေးလိပ်ရှောင်ခြင်းနဲ့ ပုံမှန် ကိုယ်လက်လှုပ်ရှားခြင်းတို့က ရေရှည်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

 

အရေးကြီးတာက ဆီးချိုသွေးချို ရောဂါကို ကြောက်ရွံ့ပြီး လက်လျှော့လိုက်ခြင်း မဟုတ်ဘဲ ရောဂါနဲ့အတူ ကျန်းမာစွာ နေထိုင်နိုင်ဖို့ အသိပညာ၊ စိတ်ဓာတ်နဲ့ သင့်လျော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ဖြစ်ပါတယ်။

 

ဆီးချိုသွေးချိုရောဂါရှိသူ တစ်ဦးရဲ့ ဘဝအရည်အသွေးကို ရောဂါတစ်ခုတည်းက မဆုံးဖြတ်ပါဘူး။ ရောဂါကို ဘယ်လိုစောင့်ရှောက် စီမံနိုင်သလဲဆိုတာကလည်း အလွန်အရေးကြီးပါတယ်။

တွေ့ဆုံမေးမြန်း - မင်းသစ်(MNA)

မူရင်းသတင်း — Myanmar Digital News