
#Local_News
Published 17 November 2026
■ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက်ကွင်းဆင်းအဖွဲ့များ ၁၅၆၂ ဖွဲ့ ဖွဲ့စည်းပြီးစီးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းကပြောသည်။
■ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာမလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၏ ပြင်းထန်အယ်လ်နီညို ဖြစ်ပေါ်နေသည့် ကာလအတွင်း ရာသီဥတုဆိုးရွားစွာ ပြောင်းလဲဖြစ်ပေါ်နေမှုများမှ ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် လူထုအခြေပြုပါဝင်ဆောင်ရွက်နိုင်ရေး အသိပေး ကြော်ငြာထုတ်ပြန်မည့် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက အထက်ပါအတိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
■ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းက ပစိဖိတ်သမုဒ္ဒရာအတွင်း အယ်လ်နီညိုဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အမြဲမပြတ်စောင့်ကြည့်လေ့လာ၍ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပုံမှန်ထက် အပူချိန်ပိုမိုမြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့် အစွန်းရောက်အပူလှိုင်းများဖြစ်ပေါ်နိုင်ခြေရှိကြောင်း ကြိုတင်သတိပေးချက်များကို ထုတ်ပြန်ပေးလျက်ရှိပါကြောင်းပြောကြားသည်။
■ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးအရေးပေါ်အခြေအနေများတွင် လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့်များ၌ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ ကွင်းဆင်းအဖွဲ့များ ၁၅၆၂ ဖွဲ့ ဖွဲ့စည်းပြီးဖြစ်ပါကြောင်းပြောကြားသည်။
■ သက်ဆိုင်ရာ နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းညှိနှိုင်း၍ အပူရှောင်စခန်းများ ဖွင့်လှစ်နိုင်မည့် နေရာများကို ကြိုတင်ရွေးချယ်လျာထားခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်သင့်သည့် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များပေးအပ်ခြင်းနှင့်လျာထားသည့် နေရာများသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၎င်းကဆိုသည်။
■ ကုသရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပွားတတ်သော ရောဂါများဖြင့် လာရောက်ပြသသော လူနာများအား စနစ်တကျ လက်ခံကုသပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ လုံလောက်၍ ဘေးကင်းသော ရေအရင်းအမြစ်နှင့် အရေးပေါ်လျှပ်စစ်မီးရရှိနိုင်ရေး၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း supply chain ပြတ်တောက်မှုမရှိစေရန်နှင့် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန့်ရှင်းသော သောက်ရေနှင့် လုံလောက်သောသုံးရေ ဖူလုံစွာရရှိနိုင်ရေးအတွက် ဒေသအလိုက် မြေပေါ်ရေ၊ မြေအောက်ရေ အရင်းအမြစ်ရရှိမှုများအပေါ် မူတည်၍ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။
#YMG/NN #Yangon_Times