နေပြည်တော် နိုဝင်ဘာ ၁၆
နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) ၌ ကျောင်းသား ကျောင်းသူများ လေ့လာနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ May ကိုယ်ပိုင်အထက်တန်းကျောင်း၊ SYS ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကောင်းကင်ကြယ် ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပုဗ္ဗသီရိမြို့နယ်ရှိ KEM ကိုယ်ပိုင်အထက်တန်းကျောင်း၊ တပ်ကုန်းမြို့နယ်ရှိ REC ကိုယ်ပိုင်အထက် တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြပြီး တပ်မတော် (လေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသော ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များကိုလည်းကောင်း၊ တပ်မတော် (ရေ) ပြင်ပပြကွက်တွင် ခင်းကျင်းပြသထားသည့် စစ်ရေယာဉ်ပုံစံတူများ၊ စစ်လက်နက်ပစ္စည်းများကို လည်းကောင်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကြသည်။
ထို့နောက် တပ်မတော် (ကြည်း) ပြခန်းဆောင်တွင် ခေတ်အဆက်ဆက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ ရုပ်တုများနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြပြီး မြန်မာ့တပ်မတော်သမိုင်း မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုကြသည်။ ထို့နောက် ပြတိုက်တာဝန်ရှိသူများက လာရောက်လေ့လာကြသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအတွက် မုန့်များပေးဝေကြသည်။
ယင်းနောက် ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို လိုက်လံ ရှင်းလင်းပြသသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများက ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာ၍ သိရှိလိုသည်များကို မေးမြန်းကြရာ ပြခန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။
ဆက်လက်၍ ယနေ့လေ့လာမှတ်သားခဲ့သည့် ဗဟုသုတများကို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ကာ မေးခွန်များကို မှန်ကန်စွာဖြေဆိုနိုင်သော ကျောင်းသား ကျောင်းသူများအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုနှင့် အထူးဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြတိုက်တာဝန်ရှိသူများက ပြန်လည်ထွက်ခွာမည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
ယခုကဲ့သို့ လေ့လာရေးအစီအစဉ်များကို ကျောင်းသားလူငယ်များအနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် မြန်မာ့တပ်မတော်၏ အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာခဲ့မှုအခြေအနေများကို သိရှိစေရန်၊ မျက်မှောက်ကာလတွင် ဖွဲ့စည်းထားရှိသည့် တပ်မတော်လက်ရုံးတပ်ဖွဲ့အသီးသီး၏ သမိုင်းကြောင်း လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်နိုင်ခဲ့မှုများကို သိရှိစေရန်နှင့် အနာဂတ်ကာလများတွင် နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် မိမိနိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာအချက် အလက်များကို လေ့လာသိရှိထားခြင်းအားဖြင့် အနာဂတ်ဘဝလျှောက်လှမ်းမှုကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်